Home
မြန်မာသတင်း
မော်ချီးတွင် စစ်တပ် ဗုံး ၅ ကြိမ် ကြဲမှုကြောင့် ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့
DVB
·
May 15, 2025

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်ထဲက မော်ချီးဒေသကို စစ်ကောင်စီတပ်က မတ်လကနေစပြီး မေလအထိ လေကြောင်းကနေ ဗုံး ၅ ကြိမ်မြောက်အထိ ကြဲချတိုက်ခိုက်လို့ အရပ်သားပြည်သူ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ရပါတယ်။

မေ ၁၂ ရက် နေ့လယ် ၁ နာရီခွဲမှာ လေကြောင်းကနေ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။

“၅ ကြိမ်မြောက် ကြဲတာပေါ့။ အရင်ကကြဲထားတဲ့နေရာကို ထပ်ကြဲတာပေါ့နော်။ အလုပ်သမား ၂ ယောက် ထိခိုက်ဒဏ်ရာရတယ်။ ၄ လုံးကြဲတာ ၃ လုံး ကွဲတာပေါ့နော်။ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်တဲ့နေရာ၊ ပညာရေးဆိုင်ရာ ကူညီပံ့ပိုးတဲ့နေရာတွေ၊ လူမှုစီးပွားရေးအရ အချက်အချာကျတဲ့ နေရာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တယ်။”

မေ ၁၀ ရက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဧပြီ ၂၄ ရက်နဲ့ ၂၆ ရက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ၆ ယောက် သေဆုံးပြီး ၇ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မတ် ၇ ရက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ယောက် သေဆုံးပြီး ၁ဝ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

မော်ချီးဒေသကို ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေလို့ ပြည်သူ ၁၀ ယောက်ထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ ၂၂ ယောက်ရှိတဲ့အပြင် နေအိမ်အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

မော်ချီးကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတဲ့ အတွက် ဗုံးခိုကျင်းတွေ တူးထားကြဖို့ Karenni National Solidarity Organization (KNSO) က မတ် ၁၀ ရက်က အသိပေး ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013