Home
မြန်မာသတင်း
ကြံခင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးက အဓမ္မ ငွေကြေးကောက်ပြီး မပေးနိုင်သည့် လူငယ်အချို့ကို ရိုက်နှက်
DVB
·
May 15, 2025

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်ထဲက အုပ်ချုပ်ရေးမှူးတချို့ဟာ ပြည်သူ့စစ်မှုထမ်း မထမ်းဆောင်လိုသူ လူငယ်တွေထံကနေ ငွေကျပ် ၅၀,၀၀၀ မ​ဖြစ်မနေပေးဖို့ တောင်းယူတဲ့အပြင် ငွေကြေးမပေးနိုင်သူတချို့ကို ရိုက်နှက်တာတွေပါ လုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်မှုထမ်းထဲဝင်ဖို့ အကြောင်းအမျိုးမျိုးပြ စည်းရုံးနေပြီး သိမ်းသွင်းနေကာ သူ စည်းရုံးလို့မရတဲ့ သူတွေကို ရိုက်နှက်တာလို့ ဆိုပါတယ်။

ကလို့ကွင်း​ ဒေသခံတယောက်က “စစ်မှုမထမ်းချင်ရင် ပါးကို ဘယ်ပြန်ညာပြန် စိတ်ကျေနပ်တဲ့အထိ ရိုက်တယ်။ ပြီးတော့ ငွေ ၅၀,၀၀၀ အနည်းဆုံးထား ပေးရတယ်။ သူ့ရှေ့ ပါးရိုက်ခံဖို့လာရင် ဒူးထောက် လက်နောက်ပစ်ပြီး သွားရတယ်။ မကျေနပ်ပေမဲ့ စိတ်ထဲမှာ အောင့်ခံနေကြရတယ်ဗျာ” လို့ ပြောပါတယ်။

ကလို့ကွင်းအုပ်စု အုပ်ချုပ်ရေးမှူး ကြည်စိုးသန်းဟာ အုပ်စုတွင်း ကျေးရွာတွေမှာ အမျိုးသားတွေ မရှိတဲ့ နေအိမ်​တွေကို ၅၀,၀၀၀ ကျပ်နဲ့ အမျိုးသားတွေရှိတဲ့ နေအိမ်တွေမှာ ၂၅ သိန်းကျပ်အထိ တောင်းယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကြံခင်းမြို့နယ်၊ ကွင်းကြီးအုပ်စု စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ငကျော် (ခ) ဦးကျော်ကျော် ဟာလည်း ဒေသခံလူငယ်​တွေကို ခဏလိုက်ခဲ့လို့ ခြိမ်းခြောက်ခေါ်ယူပြီး စစ်မှုထမ်းဆောင်ဖို့ စစ်သင်တန်းကို ပို့ဆောင်ခဲ့ကြောင်း ကွင်းကြီးဒေသခံတယောက်က ပြောပါတယ်။

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ကျုံကူးတိုက်နယ်၊ ရေတွင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဟာ ပြည်သူ့စစ်မှုထမ်း စုဆောင်းရာမှာ ခြိမ်းခြောက်ပြောဆိုမှုတွေကြောင့် မေ ၆ ရက်က ဓားခုတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

၂၀၂၅ ခုနှစ် ဧပြီလထဲမှာ ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှကြိုင် သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပြီး ဟင်္သာတမြို့နယ်၊ သံနွံသနော့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဖြူလည်း ဓားခုတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013