Home
မြန်မာသတင်း
စစ်မှုထမ်းလူငယ်များ ယူနီဖောင်းနှင့် စစ်ဖိနပ်များကို စစ်ကောင်စီထံမှ ပြန်ဝယ်ယူနေရ
DVB
·
May 6, 2025
Photo: KKL

ဧရာဝတီတိုင်းက စစ်မှုထမ်းလူငယ်တွေ စစ်ယူနီဖောင်းနဲ့ စစ်ဖိနပ်တွေကို စစ်ကောင်စီဆီကနေ ပြန်လည်ဝယ်ယူ သုံးစွဲနေရတယ်လို့ စစ်မှုထမ်းနေရတဲ့ မိသားစုတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းထဲကနေ စစ်မှုထမ်းဖို့ အဓမ္မ စစ်သားစုဆောင်းခံရတဲ့ လူငယ်တွေဟာ စစ်သင်တန်းတက်ပြီး ၁၅ ရက်အကြာမှာ စစ်ယူနီဖောင်းနဲ့ စစ်ဖိနပ်တွေကို စစ်ကောင်စီတပ်ကနေ ပြန်လည်ဝယ်ယူသုံးစွဲရတာလို့ ဆိုပါတယ်။

သာပေါင်းမြို့နယ်က စစ်မှုထမ်းမိသားစုဝင် အမျိုးသမီးတယောက်က “ယူနီဖောင်းဝယ်ရမယ်လို့ ဖုန်းဆက်ပြီး မိဘတွေဆီ ငွေလှမ်းတောင်းတာ။ ကိုယ်တွေက သားလေး အဆင်ပြေရင်ပြီးရောဆိုပြီး တောင်းတဲ့ငွေ လွှဲပေးတာ။ သင်တန်းက အရာရှိတယောက်ရဲ့ ဖုန်းကို လွှဲပေးရတာ။ အနည်းဆုံး ၃ စုံ ဝယ်ရမယ်ပေါ့ဆိုပြီး စစ်တပ်က ပြန်ဝယ်ခိုင်းတာ။ ရောင်းတာက စစ်တပ်ကပဲရောင်းတာ။ မိအေး အခါခါနာရပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က စစ်ယူနီဖောင်းတစုံနဲ့ ဖိနပ်တရံကို ကျပ် ၈၀,၀၀၀ နဲ့ စစ်မှုထမ်း တပ်သားတွေက ဝယ်ယူရတာဖြစ်ပြီး အိမ်ကမိသားစုတွေဆီ ဖုန်းဆက်ငွေတောင်းခိုင်းကာ မဖြစ်မနေ ဝယ်ယူခိုင်းတာကြောင့် ငွေကြေးမပြည့်စုံတဲ့ မိသားစုတွေအဖို့ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ဧရာတီတိုင်း အနောက်တောင်တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူက “အခု စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်က ကိုယ့်စရိတ်ကိုယ်စားပြီး အသေခံရမယ့် အခြေအနေပါ။ ငွေကြေးမပြည့်စုံသူတွေဆို အင်္ကျီတွေ၊ ဖိနပ်တွေ ထုတ်ပေးပြီး လစာကနေ ဖြတ်ယူလိုက်တာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က တလကို အနည်းဆုံး ၁၀ ယောက်ကနေ ၁၅ ယောက်အထိ တိုက်ပွဲတွေမှာ ကျဆုံးတာတွေ ရှိတာကြောင့် စစ်မှုထမ်း အရပ်သားလူငယ်တွေဆီကနေ တယောက်ကို နာရေးစရိတ် ၃,၀၀၀ ကနေ ၅,၀၀၀ အထိ ကောက်ယူတာကြောင့် ထည့်ပေးနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က စစ်မှုထမ်းလူငယ်တွေကို မိသားစုဆီ ငွေပြန်တောင်းချိန်သာ ဖုန်းပြောခွင့်ပေးပြီး ကျန်အချိန်တွေမှာ ဖုန်းပြောခွင့် လုံးဝကန့်သတ်ထားတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013