Home
မြန်မာသတင်း
လေးမျက်နှာမြို့နယ်ကို စစ်တပ်ဗုံးကြဲ၊ နေအိမ် ၇ လုံးထက်မနည်း မီးလောင်
DVB
·
May 5, 2025
Photo: KK

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၇ လုံးထက်မနည်း မီးလောင် ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ မေ ၄ ရက် ည ၇ နာရီကျော်လောက်က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လေးမျက်နှာမြို့နယ်၊ မကျည်းပင်ကွင်းကျေးရွာက ကိုထွန်းအေး ဆိုသူ အရပ်သားတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မကျည်းပင်ကွင်းနဲ့ ဝတ်ကုန်းက နေအိမ် ၇ လုံးထက်မနည်း မီးလောင်ဆုံးရှုံးခဲ့တာလို့ ဆိုပါတယ်။

လေးမျက်နှာမြို့နယ် ဒေသခံတယောက်က “ဒဏ်ရာရတဲ့ အရပ်သားက အိမ်မှာ ပစ္စည်းတွေ မနည်းရှိတာကြောင့် စစ်မရှောင်ဘဲ နေခဲ့သူပါ။ စစ်ကောင်စီတပ်က အရပ်သားတွေနေတဲ့ ရွာတွေထဲကို လေကြောင်းနဲ့ တိုက်ခိုက်နေတာ။ သူတို့ လေကြောင်းနဲ့ လာပစ်နဲ့အချိန်က ညဘက်ကြီး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က မေ ၄ ရက် ည ၇ နာရီကျော်ကျော်မှာ လေကြောင်းနဲ့ ၄ ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လေးမျက်နှာမြို့နယ်ထဲက မကျည်းပင်ကွင်းနဲ့ ဝတ်ကုန်းအပြင် တခြားရွာချင်းဆက်ဒေသတွေမှာပါ ထိခိုက်ပျက်စီးမှုတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။

လေးမျက်နှာမြို့နယ်မှ စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “အခု တိုက်ခိုက်ခံရတဲ့ နေရာတွေမှာ PDF နဲ့ AA အဖွဲ့တွေ ရှိနေတယ်လို့ ယူဆချက်နဲ့ စကစဘက်က တိုက်ခိုက်နေတာ။ အရပ်သားတွေက သူတို့ပိုင်ပစ္စည်းတွေရှိတော့ အဆုံးအရှုံး မခံနိုင်တာကြောင့် နေခဲ့သူတွေရှိတော့ ထိခိုက်တာပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်တာ ခံရတဲ့ ဝတ်ကုန်းကျေးရွာနဲ့ မကျည်းပင်ကွင်း ကျေးရွာတွေဟာ AA တပ်နဲ့ PDF တပ်တွေ သိမ်းယူထားပြီလို့ သတင်းထွက်နေတဲ့ ပန်းတောကြီးကျေးရွာနဲ့ တဆက်တည်းရွာတွေ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်နေတာအပြင် ဆီဆုံကုန်းကျေးရွာဘက်ကနေ တပ်ဆုတ် ခံစစ်ပြင်ထားတဲ့ စစ်ကောင်စီတပ်က ပန်းတောကြီးနဲ့ ပတ်ဝန်းကျင်ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေပါ လုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013