Home
မြန်မာသတင်း
ကျည်ဆန် ခိုးရောင်းသည့် UWSA တပ်သား ၁ ဦးကို သေဒဏ်ချမှတ်
lusane
·
May 14, 2025
UWSA1_14052025

“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ရဲ့ ဗဟိုဌာနချုပ်ဖြစ်တဲ့ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်ဆန်း (ပန်ခမ်း) မြို့မှာ မေ ၁၄ ရက် မနက်က ကျည်ခိုးရောင်းခဲ့တဲ့ UWSA တပ်သားတယောက်ကို UWSA က သေဒဏ်ချမှတ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသားတယောက်က “သေဒဏ်က ဒီမနက်ပေးတာပါ။ သေဒဏ်က တယောက်တည်းပဲ။ ကယ်ရီလုပ်ပေးတဲ့ တယောက်က ထောင်ဒဏ် ဟုတ်တယ်” လို့ ပြောပါတယ်။

ကျည်တောင့် ၈၀၀ ပါ ကျည်သေတ္တာ ၄၀ ခိုးယူခဲ့ပြီး ယွမ် ၄၀၀,၀၀၀ ကျော်နဲ့ ရောင်းချခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျည်ခိုးယူတဲ့ တပ်သား ကျောက်အိုက်ကိုင်က ကျည်ဆန်သေတ္တာတလုံးမှာ ကျည်ဆန်တောင့် ၈၀၀ ပါတဲ့ စုစုပေါင်း ကျည်ဆန်သေတ္တာ ၄၀၊ စုစုပေါင်း ကျည်တောင့် ၃၂,၀၀၀ တောင့်ကို ခိုးယူခဲ့ပြီး အဲဒီထဲက ကျည်တောင့် ၁,၀၀၀ ကို ကိုယ်တိုင်သုံးလိုက်တယ်လို့ တရားစီရင်ချိန်က မှတ်တမ်းရုပ်သံဖိုင်မှာ ရှင်းပြထားပါတယ်။

“ကျည်ဆန် စုစုပေါင်း ရောင်းရငွေက ၃၁,၀၀၀ တောင့်ကို တတောင့် ၁၅ ယွမ်နှုန်းနဲ့ စုစုပေါင်း တရုတ်ငွေ ၄၆၅,၀၀၀ ယွမ် ဖြစ်တယ်။ ဒီလိုဖြစ်စဉ်ဟာ “ဝ” ရဲ့ အခြေခံဥပဒေကို ဆန့်ကျင်နေတာကြောင့် သေဒဏ်ပါ” လို့လည်း ပြောထားပါတယ်။

တရားစီရင်တဲ့ အခမ်းအနားကို မေ ၁၄ ရက် မနက် ၈ နာရီက ပန်ဆန်း (ပန်ခမ်း) မှာ ပြုလုပ်ခဲ့ကြောင်း UWSA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီ တရားစီရင်တဲ့ အခမ်းအနားမှာ UWSA ဗဟိုအစိုးရဌာနတွေနဲ့ တပ်ဖွဲ့အသီးသီးက ကိုယ်စားလှယ်တွေ၊ တပ်မအသီးသီးက ဒုတပ်ဖွဲ့ခွဲအဆင့်နဲ့ အထက် ကေဒါတွေ၊ ထောက်ပံ့ ပို့ဆောင်ရေးဌာနက ဌာနဆိုင်ရာအဆင့် အရာရှိတွေ၊ အရန်တပ်ရင်းက ဒုတပ်ရင်းအဆင့်နဲ့ အထက်အရာရှိတွေ၊ ဂိုဒေါင်စီမံခန့်ခွဲရေးက အဓိက ကေဒါတွေ၊ ကျောင်းအားလုံးက ကျောင်းသူ/သား၊ ဆရာ၊ ဆရာမတွေ တက်ရောက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုပါ ရောင်းချပေးတာဖြစ်ပေမဲ့ တအာင်းအဖွဲ့ကို ရောင်းချပေးတဲ့အချိန် တရားခံ ၂ ယောက်ကို မိသွားတာဖြစ်ကြောင်း ဒေသအခြေစိုက် ဝ လူငယ့်အသံ သတင်းဖော်ပြချက်အရ သိရပါတယ်။

Photo: ဒေသခံ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013