
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကမ်းခြေတနေရာမှာ မေ ၉ ရက်က ရိုဟင်ဂျာ အယောက် ၄၀ ဝန်းကျင်ပါတဲ့ စက်လှေတစီး ဆိုက်ကပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမျိုးသား ၂၇ ယောက်နဲ့ အမျိုးသမီး ၁၃ ယောက်ပါတဲ့ ရိုဟင်ဂျာ အယောက် ၄၀ ကို မေ ၁၀ ရက်မှာ ဗထူးတပ်မတော်က ခေါ်ဆောင်ပြီး ထိန်းသိမ်းထားတယ်လို့ ဗထူးတပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဗထူးတပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထက်မြက်က “သူတို့(ရိုဟင်ဂျာ)က စက်လှေပေါ်ကနေ ကြိုးနဲ့ ကမ်းစပ်ကို ရေကူးဝင်ရောက်လာတယ်။ ကျနော်တို့က သူတို့ကို အဲဒီမှာပဲ သွားရောက် ထိန်းသိမ်းလာခဲ့တာ” လို့ ပြောပါတယ်။
စက်လှေမှာပါတဲ့သူတွေဟာ အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှတဆင့် မြန်မာဘက်ကို ရောက်ရှိလာတဲ့ ရိုဟင်ဂျာတွေ ဖြစ်ကြပြီး မြန်မာစကားပြောသူ ၅ ယောက်လောက်ရှိတယ်လို့ ပြန်ကြားရေးတာဝန်ခံ ကိုထက်မြက်က ပြောပါတယ်။
ပြန်ကြားရေးတာဝန်ခံ ကိုထက်မြက်က “သူတို့အရေး ဆောင်ရွက်ပေးသူတွေကလည်း ရိုဟင်ဂျာလို့ပဲ ပြောတယ်။ လက်ရှိကတော့ သူတို့အရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ သူတွေလည်း ချိတ်ဆက်ထားတယ်။ မြေပြင်က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပါ ဆွေးနွေးပြောဆိုနေတယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ရိုဟင်ဂျာတွေကို လူ့အခွင့်အရေးနဲ့အညီ ထိန်းသိမ်းထားပြီး ပြန်လည်ပို့ဆောင်ပေးဖို့အတွက်လည်း ဆွေးနွေးပြောဆိုနေတာတွေ ရှိတယ်လို့ ဗထူးတပ်မတော်ဆီက သိရပါတယ်။