
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး ရန်ကုတ်ကျေးရွာမှာ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ပူပေါင်းစစ်ကြောင်းတို့ မေလ ၁၃ ရက် ဒီမနက် ၅ နာရီလောက်ကစပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
မေလ ၁၂ ရက်က ကော့ကရိတ်အပါအဝင် မြပတိုင်၊ နဘူးကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တို့ တိုက်ပွဲတွေဖြစ်ပွား နေတာပါ။
ကော့ကရိတ်မြို့နယ်တွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က မြေပြင်လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အပြင် ကျုံဒိုးမြို့အနီးမှာ စစ်ကောင်စီတပ်က မြေပြင်ကနေ လက်နက်ကြီးတွေနဲ့ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ကျေးရွာတွေကိုပါ ပစ်ခတ်တိုက်ခိုက်နေပါတယ်။
ရှေ့တန်းသတင်းရင်းမြစ်တယောက်က “အာရှလမ်းဘက်ကတော့ နေ့စဉ် ထိတွေ့မှုဖြစ်နေတယ်။ မနှစ်က သူတို့ပြန်ယူထားတဲ့နေရာတချို့ ကျနော်တို့ ပြန်ရတယ်။ သီလရှင်ကျောင်းတို့ လှိုင်းဝဘက်တို့ ပြန်ရထားတယ်။ ကော့ကရိတ်က နေရာတော်တော်များများမှာ တိုက်ပွဲဖြစ်နေတယ်။ လက်ရှိလည်း ဖြစ်နေတုန်းပဲ”လို့ ပြောပါတယ်။
ကော့ကရိတ်မြို့တွင်းက ထောင်နဲ့ချီတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်ဘက်က ထွက်ခွာခွင့်မပေးတာကြောင့် စားနပ်ရိက္ခာအခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီး ဆန်ပြုတ် ပြုတ်သောက်နေရတယ်လို့ မြို့တွင်းမှာ ပိတ်မိနေတဲ့ မြို့ခံပြည်သူတွေက ပြောပါတယ်။
မြို့ခံတယောက်က “ဒီမနက် (တိုက်ပွဲ)အကြီးအကျယ်ပဲ ချနေတယ်။ ရန်ကုတ်ဘက်မှာ။ နီးနီးလေးပဲ။ ထွက်လို့လည်း မရ။ ဝင်လို့လည်း မရ။ ဘယ်လိုလုပ်ကြတော့မလဲ။ ပိုပြီးတော့ ဒုက္ခရောက်ရတာပေါ့။ ဘယ်လိုတွေလဲ မသိတော့ဘူး။ စီးပွားရေးတွေက ဘာမှ မရှိ။ ငတ်ပြီး သေဖို့ပဲရှိတော့တယ်။ ဆန်ပြုတ်တောင် ပြုတ်စားနေရပြီ အခု။ ဝယ်လို့လည်း မရ။ ရှာလို့က မရ။ အလုပ်ကမရှိ။ ပိုက်ဆံကလည်း မရှိ။ ဒုက္ခမှ အကြီးအကျယ် ဖြစ်နေတာ”လို့ ပြောပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ကရင်ပြည်နယ်အစိုးရအဖွဲ့က ဂျိုင်းမြစ်အတွင်း အများပြည်သူ သွားလာနေတဲ့ ကူးတို့ဆိပ်တွေကို ကူးသန်းသွားလာခွင့် ပိတ်ပင်ထားတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါအပြင် လက်ရှိမှာ တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်ဘက်က ကော့ကရိတ်မြို့အပါအဝင် ဘားအံ- ဂျိုင်းတံတား ကားလမ်းတလျှောက်နဲ့ ကျုံဒိုးမြို့အခြေ စိုက် ခမရ ၅၄၅၊ ခမရ ၅၄၆ တပ်ရင်းတွေကနေ ခံစစ်အနေအထားနဲ့ လူ၊ လက်နက် အင်အားဖြည့် တင်းပြီး ခံစစ်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
အောင်ခန့်