Home
မြန်မာသတင်း
ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံဒေသတွင် တိုက်ပွဲဖြစ်မည်ကို ဒေသခံများစိုးရိမ်
DVB
·
May 9, 2025

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံအနီးဝန်းကျင် ကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်ပေါ်နေတဲ့အတွက် ပုဂံဒေသမှာပါ တိုက်ပွဲတွေဖြစ်လာမှာကို‌ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

စစ်ကောင်စီတပ်က ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာထားပေမဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် နိုင်ငံအနှံ့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ဒါကြောင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာလည်း တိုက်ပွဲတွေ ဖြစ်လာမှာကို ပုဂံဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ပုဂံဒေသမှာတော့ စစ်ကောင်စီတပ်က စစ်မှုထမ်းအတွက် ပေါ်တာဆွဲတာနဲ့ ပျူစောထီးအဖွဲ့တွေ ဖွဲ့နေတာကြောင့် ဒေသခံ လူငယ်လူရွယ်တွေက နယ်စပ်ဘက်နဲ့ နိုင်ငံခြားဘက်တွေ တိမ်းရှောင်ပြီး သွားရောက် အလုပ်လုပ်ကိုင်နေကြရတယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ် ပထမ ၄ လအတွင်း ပုဂံဒေသမှာ စစ်မှုထမ်းအတွက် ပေါ်တာဆွဲခံရတဲ့လူငယ် အယောက် ၁၀၀ ဝန်းကျင် ရှိပြီလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စာရင်းအရ သိရပါတယ်။

ပုဂံဒေသမှာ စစ်ကောင်စီက ပျူစောထီးအဖွဲ့တွေ ဖွဲ့နေပြီး ညောင်ဦးမြို့ပေါ်မှာ ပျူစောထီး ၂ ဖွဲ့၊ ပုဂံမြို့သစ်မှာ တဖွဲ့၊ မြင်းကပါရွာမှာတဖွဲ့ ဖွဲ့ထားပြီးနောက် လုယက်မှု၊ ဓားပြမှု၊ ပြန်ပေးမှုတွေ များလာလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့ သိရပါတယ်။

ညောင်ဦးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံက “လောလောဆယ် အခြေအနေမှာတော့ ကျေးလက်ဒေသတွေ၊ တောတောင်တွေမှာပဲ တိုက်ပွဲတွေ ရှိနေတာပါ။ UNESCO ရှေးဟောင်းယဥ်ကျေးမှုနယ်မြေတွင်းမှာ တိုက်ပွဲမဖော်ဆောင်ဖို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေကို အဆင့်ဆင့် ညွှန်ကြားထားပါတယ်။ ဒါပေမဲ့ စကစ တွေကတော့ ပုဂံဘုရားတွေကို အသုံးချပြီး ခံတပ်လိုမျိုး အသုံးချနေတာ ရှိနေပါတယ်။ ဥပမာ အိမ်တော်ပေါ့၊ ရှေးဟောင်းဘုရားတွေနဲ့ နီးနီးကပ်ကပ်မှာ ရှိနေတဲ့ ဟိုတယ်ကို သူတို့ရဲ့ အကြီးဆုံးတွေနေတဲ့ ဌာနချုပ်အနေနဲ့ လုပ်ထားတာမျိုးပေါ့။ စကစ ဘက်က အကြီးအကဲတွေ လာရင်လည်း အဲဒီမှာပဲ တည်းခိုလေ့ရှိပါတယ်” လို့ ပြောပါတယ်။

မြို့ပေါ်မှာ ပျူစောထီးလက်နက်ကိုင်တွေ ရှိနေတဲ့အတွက် ဒေသခံပြည်သူတွေအတွက် စိုးရိမ်နေရသလို ခရီးသွားပြည်သူတွေအတွက်လည်း လုံခြုံရေးအာမခံချက် မရှိဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက‌ ‌ပြောပါတယ်။

ပုဂံမှာ တိုက်ပွဲတွေ မဖြစ်သေးပေမဲ့ ပုဂံမြို့နဲ့ အနီးဝန်းကျင်က ကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် ခရီးသွားဝင်ရောက်မှု လျော့နည်းနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ပုဂံမြို့ခံတယောက်က “လောလောဆယ် မြို့ပေါ်ကတော့ အေးချမ်းတယ်၊ ရွာတွေဘက်တွေ နယ်တွေဘက်တွေတော့ တချို့နေရာတွေ ဖြစ်တာပေါ့။ မြို့ပေါ်မှာဖြစ်ရင်တော့ မလာလောက်တော့ဘူးပေါ့ ဧည့်သည်ကတော့။ နယ်တွေဆိုရင်တော့ အမြန်လမ်းနဲ့ ကျောက်ပန်းတောင်းဘက်နဲ့ ဖြတ်သွားလို့ရတဲ့ အချိန်အထိတော့ ဝင်မယ်ထင်ပါတယ် ဧည့်သည်လေ။ ဟိုအရင်နှစ်တွေထဲက ခရီးသည်က တော်တော်ပါးတယ်။ ကိုဗစ်မတိုင်ခင်ကဆို ဒီဘက်က တနှစ်ပတ်လည်လုံး ဧည့်သည်ရှိတယ်ပေါ့နော်။ သင်္ကြန်ပြီးတဲ့အချိန် ၅ လပိုင်းခဏပဲ ဧည့်သည်ပါးတာ၊ ကျန်တဲ့အချိန်ဆို တော်တော်များများရှိတယ်။ အခုကကျတော့ ငလျင်မလှုပ်ခင်တုန်းကလည်း နိုင်ငံရေးက ရုတ်ရုတ်နဲ့ တိုက်ပွဲတွေဖြစ်တယ် ဘာညာဆိုတော့ ဧည့်သည်တွေက မြို့ပေါ်ဖြစ်တဲ့အချိန်တွေ မလာကြဘူး၊ တလပိုင်းကတည်းက သင်္ကြန်တောင် လူမရှိဘူး” လို့ ပြောပါတယ်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ၂၀၁၉ ခု ဇူလိုင်လကတည်းက ယူနက်စကို ကမ္ဘ့ာယဉ်ကျေးမှုကော်မတီက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ရှေးဟောင်းယဥ်ကျေးမှုနယ်မြေ ဖြစ်နေတဲ့အတွက်ကြောင့် တတ်နိုင်သမျှ တိုက်ပွဲမဖြစ်အောင် ရှောင်သွားမယ်လို့ ပြောဆိုထားပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013