
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စန့်စွဲရွာဘက်ကို မေ ၉ ရက်နဲ့ ၁၀ ရက်တွေမှာ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက နေအိမ်မီးရှို့တဲ့အပြင် ဒေသခံ အမျိုးသား ၁ ယောက်ကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ မြေပြင်ရဲဘော်တယောက်က ပြောပါတယ်။
မေ ၆ ရက်ကစပြီး အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်၊ PNO ပြည်သူ့စစ်တို့နဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က စန့်စွဲရွာက နေအိမ် အလုံး ၂၀ ထက်မနည်းကို နေ့တိုင်း မီးရှို့တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
မြေပြင်ရဲဘော်တယောက်က “အသတ်ခံရတဲ့တယောက်က တိုက်ပွဲဖြစ်နေတဲ့ချိန် မသိဘဲ သွားလိုက်တာ၊ သူများပြေးတဲ့အချိန် သူမပြေးဘူး။ စန့်စွဲရွာဘက်သွားတဲ့အချိန်မှာ စစ်တပ်ဘက်က ပစ်သတ်လိုက်တာပါ” လို့ ပြောပါတယ်။
အသတ်ခံရသူက အသက် ၅၄ နှစ်အရွယ် ဦးစိန် ဖြစ်ပြီး စစ်ကောင်စီက စစ်ကြောင်းထိုးချိန် ပစ်သတ်ခဲ့ပြီးတဲ့နောက် ငွေသား ကျပ် သိန်း ၉၀ ကိုလည်း ယူဆောင်သွားခဲ့တယ်လို့ ဆွေမျိုးနီးစပ်သူကတဆင့် သိရပါတယ်။
စန့်စွဲရွာပြည်သူတွေက စန့်လိတ်ရွာအနီးနားမှာ လွန်ခဲ့တဲ့ ၅ လလောက်ကတည်းက စစ်ဘေးရှောင်နေကြပြီး အနီးနားကို စစ်ကောင်စီ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်တာကြောင့် စစ်ဘေးထပ်ရှောင်နေကြရတယ်လို့ သိရပါတယ်။
ခုလက်ရှိမှာ နှစ်ဖက် စစ်ရေးအခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်းက ဗုံးကြဲတာတချို့လည်း ရှိနေတယ်လို့ သိရပါတယ်။
ညောင်ရွှေမြို့နယ်က လွယ်လုံကျေးရွာ၊ ရေပူကျေးရွာနဲ့ စန့်စွဲကျေးရွာတို့မှာ PNO ပြည်သူ့စစ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကြား မေလထဲမှာ တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေတယ်လို့ မြေပြင်အခြေအနေအရ သိရပါတယ်။