
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးတောင်ဘက်မှာရှိတဲ့ ရေပူကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းအပါအဝင် လက်နက်ကြီးနဲ့ ဗုံးကြဲပစ်ခတ်တကြောင့် နေအိမ် ၂ လုံး ပျက်စီးခဲ့ရတယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ဧပြီ ၆ ရကေမှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက ရေပူကျေးရွာထဲကို ဧပြီ ၅ ရက် မနက် ၆ နာရီကစပြီး ညနေ ၅ နာရီကျော်အထိ တနေကုန်နီးပါး ဒရုန်းအပါအဝင် လက်နက်ကြီးနဲ့ အကြိမ် ၃၀ လောက် ပစ်ခတ်တာကြောင့် နေအိမ် ၂ လုံးနဲ့ ဆိုင်ကယ်တစီး မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။
အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က တာဝန်ရှိသူက “နေ့တိုင်းကတော့ လက်နက်ကြီး ဒရုန်းတွေနဲ့ ပစ်နေတာ၊ သူတို့က အပစ်ရပ်ကြေညာထားပြီး ခုဆို စစ်ကြောင်းထိုးဖို့ PNO/PNAက ပြင်ဆင်နေပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ငလျင်ကြောင့် ၂၁ ရက်ကြာ အပစ်အခတ်ရပ်စဲမယ်လို့ ကြေညာထားပေမဲ့ ရေပူကျေးရွာဘက်ကို နေ့တိုင်းနီးပါး လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေရှိနေပြီး ဧပြီ ၆ ရက် ဒီနေ့မှာလည်း လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်တယ်လို့ ကနဦးသိရပါတယ်။
အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က တာဝန်ရှိသူက “သူတို့လုပ်ရပ်က အလိမ်အညာတွေနဲ့ မတရားတာတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေကြပြီး တရားမျှတမှုကို လိုလားပါတယ်ဆိုတဲ့ နိုင်ငံတကာကို စိန်ခေါ်နေတာပဲ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့မတ် ၃၀ ရက်မှာ ဘုရားတောင်ရွာဘက်ကို လက်နက်ကြီး၊ ဒရုန်းနဲ့ ၆ ကြိမ် ကြဲတာကြောင့် နေအိမ် တလုံး ပျက်စီးခဲ့ရပြီး မတ် ၃၁ ရက်မှာ ရေပူကျေးရွာထဲကို လက်နက်ကြီး၊ ဒရုန်းနဲ့ ၈ ကြိမ်ကြဲချတိုက်ခိုက်တာကြောင့် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ရပါသေးတယ်။