Home
နိုင်ငံတကာ
ပုပ်ရဟန်းမင်းကြီး လီယိုက နောက်ထပ်စစ်ပွဲ မလိုချင်တော့ဟု မိန့်ကြား
DVB
·
May 12, 2025
Photo: Reuters

အသစ်ရွေးချယ်တင်မြှောက်ခံထားရတဲ့ ပုပ်ရဟန်းမင်းကြီး လီယို-၁၄ (Leo XIV) ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကို “နောက်ထပ်စစ်ပွဲမဖြစ်ပွားအောင်” သူ့ရဲ့ ပထမဆုံး မိန့်ခွန်းအတွင်း မေတ္တာရပ်ခံလိုက်ပါတယ်။

လက်ရှိဖြစ်ပွားနေဆဲ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ပုပ်ရဟန်းမင်းကြီးဟာ ယူကရိန်းစစ်ပွဲမှာ “ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး” ရရှိစေဖို့နဲ့ ဂါဇာ​ဒေသက အပစ်အခတ်ရပ်စဲရေးကို အဓိကထား တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့စနေနေ့က အိန္ဒိယနဲ့ ပါကစ္စတန်ကြား စစ်မက်ဖြစ်ပွားမှု အဆုံးသတ်ရေး သဘောတူညီချက်ကိုပါ ကြိုဆိုတယ်လို့ ပြောသွားပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ခဲ့ပြီးနောက် ဗာတီကန်စီးတီးမှာ ၂ ရက်ကြာ ပြုလုပ်ခဲ့တဲ့ လျှို့ဝှက်အစည်းအဝေးကနေ လီယိုကို ကက်သလစ်အသင်းတော်ရဲ့ ဦးဆောင်သူအသစ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့တာပါ။

အခုတပတ် စနေနေ့မှာလည်း ပုပ်ရဟန်းမင်းကြီး လီယိုဟာ ရောမမြို့အပြင်ဘက်က ဘုရားကျောင်းတခုကို သွားရောက်လည်ပတ်ခဲ့သလို ဖရန်စစ်ရဲ့ ဂူဗိမာန်မှာလည်း ဆုတောင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။

လာမယ့်အပတ် မေ ၁၈ ရက်နေ့မှာတော့ စိန့်ပီတာရင်ပြင်အတွင်း ပုပ်ရဟန်းမင်းကြီး လီယိုရဲ့  တရားဝင် နန်းတက်ပွဲနဲ့အတူ တရားဟောမိန့်ကြားမှုတွေပါ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ခရစ်ယာန်ဂိုဏ်းအုပ်ဆရာတော် ရောဘတ် ပရီဗို့စ် ဘ၀မှာ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်မှုကို နယ်ချဲ့စစ်ပွဲတခုအဖြစ် ပြစ်တင်ရှုတ်ချခဲ့ဖူးပြီး လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေပါ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း ပုပ်ရဟန်းမင်းကြီး ဖြစ်လာချိန်မှာတော့ လီယိုက ဖရန်စစ်ရဲ့ အာဘော်အတိုင်း ငြိမ်းချမ်းရေးအတွက် ထိန်းထိန်းသိမ်းသိမ်း ပြောသွားပါတယ်။

“ဒုတိယကမ္ဘာစစ်ရဲ့ အလွန်ကြီးမားလှတဲ့ အဖြစ်ဆိုးကြီးဟာ နှစ် ၈၀ ပြည့်ခဲ့ပါပြီ။ အခု ကျနော်တို့က တတိယကမ္ဘာစစ်ရဲ့ ဖြစ်ရပ်ဆိုးတွေကို အစိတ်အပိုင်းအလိုက် ရင်ဆိုင်နေရတာ ဖြစ်တယ်” လို့ ပုပ်ရဟန်းမင်းကြီးအနေနဲ့ မိန့်ကြားပါတယ်။

အသက် ၆၉ နှစ်အရွယ် လီယိုဟာ စိန့်ပီတာပလ္လင်တော်ရဲ့ ၂၆၇ ယောက်မြောက် ဆက်ခံသူ ဖြစ်သလို ပထမဆုံးသော အမေရိကန်နိုင်ငံသား ပုပ်ရဟန်းမင်းကြီးလည်း ဖြစ်ပါတယ်။

အမေရိကန်မှာ မွေးဖွားသူ ဖြစ်ပေမဲ့လည်း ဗာတီကန်ကတော့ အာဂျင်တီးနားနိုင်ငံသား ဖရန့်စစ် ပြီးရင် လီယိုကို အမေရိကတိုက်ရဲ့ ဒုတိယမြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် ဖော်ပြထားပါတယ်။

ပုပ်ရဟန်းမင်းကြီးအသစ်ဟာ ရွှေ့ပြောင်းအခြေချသူတွေ၊ ဆင်းရဲနွမ်းပါးသူတွေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေမှာ ဖရန်စစ်လိုမျိုး အမြင်သဘောထားမျှတသူ ဖြစ်နိုင်တယ်ဆိုပြီး ယုံကြည်ထားကြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013