Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ဈေးကွက်မတည်ငြိမ်သဖြင့် ငါးရှဥ့်ဈေး အဆမတန်ကျဆင်းနေ 
DVB
·
May 11, 2025
Photo: Tun Win

တရုတ် ဝယ်လိုအားလျော့သွားတာကြောင့် ဧရာဝတီတိုင်းက ရေထွက်ကုန် ငါးရှဥ့်ဈေး ထိုးကျသွားပြီး ဈေးကွက်မတည်မငြိမ်ဖြစ်နေတယ်လို့ ရေထွက်ကုန် ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေနဲ့ ဒေသခံရေလုပ်သားတွေဆီက သိရပါတယ်။ 

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီနဲ့ မတ်လကုန်အထိ ငါးရှဥ့် ၁ ပိဿာကို ကျပ် ၂၄,၅၀၀ အထိသာ ဈေးကောင်းရရှိခဲ့ ဧပြီ ပထမ အပတ်ကနေ မေလ ပထမ အပတ်အထိ ငါးရှဥ့် ၁ ပိဿာကို ကျပ် ၉,၅၀၀ ကနေ ကျပ် ၁၂,၀၀၀ အထိ ဈေးကျဆင်းသွားတယ်လို့ ဆိုပါတယ်။ 

ဧရာဝတီတိုင်း ရေထွက်ကုန်ရောင်းဝယ်ရေးပွဲရုံ လုပ်ငန်းရှင်တယောက်က “ငါးရှဥ့်ဈေးကွက် လုံးဝမတည်ငြိမ်ဖြစ်နေတာ။ ငါးရှဥ့်ဈေးက ခဏပဲ ​တက်လိုက်၊ ခဏနေ ပြန်ကျလိုက် ဖြစ်နေတာ။ တရုတ်တွေက သူတို့လိုချင်တဲ့ အချိန်ကျ ဈေးအဆမတန် ပိုပေးဝယ်တယ်။ မလိုအပ်တဲ့အချိန်ကျတော့ ဈေးလျှော့ချတယ်။ အဲဒီလို လုပ်​နေတာ​​ကြောင့် ဈေးက မငြိမ်တာ။ အခုဆို ချက်ချင်းဆိုသလို ဈေးထိုးကျသွားတာ”လို့ ပြောပါတယ်။ 

ဧရာဝတီတိုင်းမှာ တရုတ်ဈေးကွက်ကို အားထားနေရတဲ့ ငါးရှဥ့်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကနေ မတ်လကုန်ပိုင်းအထိ တရက်ကို ငါးရှဥ့်ပိဿာချိန် သိန်းချီ အရောင်းအဝယ် ဖြစ်ခဲ့ပေမဲ့ လက်ရှိ ငါးရှဥ့်ပိဿာချိန် ထောင်ဂဏန်းအထိသာ အရောင်းအဝယ် ဖြစ်နေပြီး ငါးရှဥ့်ဈေး ထိုးကျဆင်းသွားတဲ့အတွက် တင်ပို့ဖို့ စုဆောင်းသိုလှောင်ထားတဲ့ ငါးရှဥ့် ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေ အရှုံးပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဘိုကလေးမြို့နယ်က ငါးရှဥ့်ကုန်သည်တယောက်က “အရောင်းအဝယ်ပါးနေတဲ့ အဓိက အကြောင်းအရင်းက အခုလို ဈေးထိုးကျတာကြောင့် ဖြစ်သွားပါ။ အရင်က အခုလိုအချိန်ဆို အရောင်းအဝယ် အရမ်းဖြစ်တာ။ အခုကုန်ချိန် မတက်ဘူး။ ဈေးကျဆင်းချိန် ကုန်ချိန်များများတက်တော့ အမြတ်မထွက်ရင်တောင် လုပ်ငန်း လည်ပတ်အားရှိတာပေါ့။ အခုက ငုတ်တုတ်မေ့နေတယ်။ ငါးရှဥ့်ရှာဖွေသူတွေ ပြောတာက ငါးရှဥ့် ရှားလာတယ်ပေါ့။ ဈေးရရင် မဆိုးဘူး၊ ဈေးမရတော့ တခြားရေထွက်ကုန် ပြောင်းရှာကြတာ” လို့ ပြောပါတယ်။ 

အခုလို မြန်မာ့ရေထွက်ကုန် ငါးရှဥ့်ဈေးကွက်မတည်မငြိမ် ဖြစ်နေတာဟာ မြန်မာအစိုးရက တရားဝင် သတ်မှတ်ထားတဲ့ ဈေနှုန်းမရှိတာနဲ့ တရုတ်ဘက်က သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်းသာ အရောင်းအဝယ် လုပ်နေရတာကြောင့်ဖြစ်ပြီး ဈေးကွက်မငြိမ်တဲ့ အကျိုးဆက်ကြောင့် ကုန်သည်တွေနဲ့ ငါးရှဉ့် ရှာဖွေတဲ့ လုပ်သားတွေ၊ ငါးရှဥ့်နဲ့ဆက်စပ်တဲ့ လုပ်ငန်းတွေ ထိခိုက်ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။ 

ဧရာဝတီတိုင်းက ထွက်ရှိတဲ့ ငါးရှဥ့်တွေကို ဒေသ ငါးရှဥ့် ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေက ဝယ်ယူပြီး စနစ်တကျ သန့်စင်ထုပ်ပိုးကာ ရန်ကုန်မြို့ကို တင်ပို့ရောင်းချတာ ဖြစ်ပြီး၊ ရန်ကုန်မြို့ကနေတဆင့် တရုတ်နိုင်ငံကို တင်ပို့ရောင်းချနေတာလို့ ဆိုပါတယ်။ 

ငါးရှဥ့်တွေဟာ စပါးပင်နဲ့ စိုက်ခင်းများ မြစ်ရိုး၊ ချောင်းရိုးနဲ့ ရွှံ့နွံ မြေကြီးအောက်မှာ ကျက်စားတတ်တဲ့ သတ္တဝါတွေ ဖြစ်ကြပြီး စိုက်ပျိုးမြေတွေမှာ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေး အလွန်အကျွံ သုံးစွဲမှုတွေကြောင့် ငါးရှဥ့်တွေ ရှားလာပြီး ရှာဖွေရရှိမှု နည်းပါးလာတယ်လို့ ငါးရှဥ့်ရှာဖွေသူတွေက ဆိုပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013