Home
မြန်မာသတင်း
မော်စကိုရောက်စစ်ခေါင်းဆောင်  သမ္မတပူတင်နှင့် သီးခြားတွေ့ဆုံခွင့် မရသေး 
DVB
·
May 9, 2025
Photo: MOI

ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ရောက်နေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဇနီး ဒေါ်ကြူကြူလှတို့ဟာ ရုရှားသမ္မတပူတင်နဲ့ သီးခြားတွေ့ဆုံခွင့်မရသေးဘဲ    ရုရှား ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌ ဗလန်တီနာဗီရန်ကိုနဲ့ တွေ့ဆုံခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်ဟာ ကာဇက်စတန်နိုင်ငံသမ္မတ ကာဆမ်ဂျိုမတ်တိုကာယက်ဗ်နဲ့လည်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် BRICS အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ ဥက္ကဋ္ဌ အန်နာနက်စထရိုဗာနဲ့လည်း သီးခြားစီ တွေ့ခဲ့ပါတယ်။

စစ်ခေါင်းဆောင်နဲ့အဖွဲ့ဟာ မော်စကိုမှာကျင်းပမယ့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲနှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို တက်ရောက်ဖို့ ရုရှားနိုင်ငံကို သွားရောက်နေတာဖြစ်ပါတယ်။

မနေ့ညပိုင်းက ကရင်မလင် နန်းတော်မှာ  ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ  မစ္စတာ ဗလာဒီမာပူတင်မှ တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲကို တခြားနိုင်ငံ့အကြီးအကဲတွေနဲ့အတူ ပါဝင်တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်ကဟာ  ရုရှားမီဒီယာတွေဖြစ်တဲ့ RT TV Channel နဲ့ Krasnaya Zvezda သတင်းစာတို့ကို သီးခြားစီလက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံ ငလျင်ဘေးနဲ့ နိုင်ငံတကာ ကူညီကယ်ဆယ်ရေးကိစ္စတွေအပါအဝင် နှစ်နိုင်ငံအရေးကိစ္စတွေ မေးမြန်းချက်တွေကို ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

ရင်ပြင်နီအခမ်းအနားပြီးတဲ့နောက် ရုရှားသမ္မတပူတင်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ သီးခြားတွေ့ဆုံမှု လုပ်ခဲ့ပေမဲ့  မြန်မာစစ်ခေါင်းဆောင်နဲ့ သီးခြားတွေ့ဆုံမှု ရှိ မရှိနဲ့ ပတ်သက်ပြီးတော့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

စစ်ခေါင်းဆောင်ရဲ့ အခုခရီးစဉ်ဟာ ဖမ်းဝရမ်းထုတ်ခံရပြီး နောက်ပိုင်း ရုရှားနိုင်ငံကို သွားရောက်တဲ့  ဒုတိယမြောက်ခရီးစဉ်လည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013