Home
နိုင်ငံတကာ
အိန္ဒိယတိုက်ခိုက်မှုကို ပါကစ္စတန် ရှုတ်ချ၊ တုံ့ပြန်သွားမည်ဟု ပြော
DVB
·
May 8, 2025
Photo: Reuters

ပါကစ္စတန်စစ်တပ်ဟာ အိန္ဒိယရဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး “အချိန်၊ နေရာနဲ့ နည်းလမ်းတွေကို ကိုယ်တိုင်ရွေးချယ်ပြီး တုံ့ပြန်သွားမယ်” လို့ ကြေညာခဲ့ပါတယ်။

ပါကစ္စတန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး အာမဒ် ရှရစ်ဖ် ချောင်ဒရီက အိန္ဒိယရဲ့ လုပ်ရပ်တွေဟာ အကြောင်းမဲ့ အကြမ်းဖက်မှုဖြစ်ပြီး ပြောင်ပြောင်တင်းတင်း ရန်လိုမှုဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အိန္ဒိယတွေ တိုက်ခိုက်ခဲ့တဲ့ နေရာ ၆ ခုမှာ အကြောင်းမဲ့ ပြောင်ပြောင်တင်းတင်း ရန်စ တိုက်ခိုက်မှုတွေကြောင့် ပါကစ္စတန်မှာ အရပ်သား ၂၆ ယောက် ဆုံးရှုံးခဲ့ပြီး ၄၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ပါကစ္စတန်ရှိ နေရာ ၆ ခုကို ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရပြီး အဲဒီမှာ ဘာစစ်သွေးကြွစခန်းတွေမှ မရှိကြောင်း အစ္စလာမ်မာဘတ်က ပြောကြားခဲ့ပါတယ်။

ပါကစ္စတန်ဟာ ဒီတိုက်ခိုက်မှုကို တုံ့ပြန်မယ့် အခွင့်အရေးကို သိမ်းထားပြီးတော့ တုံ့ပြန်မယ့် အချိန်အခါ၊ နေရာနဲ့ နည်းလမ်းတွေကိုတော့ ကိုယ့်ဘာသာ ရွေးချယ်တုံ့ပြန်သွားမှာ ဖြစ်တယ်လို့လည်း ချောင်ဒရီက ပြောပါတယ်။

ပါကစ္စတန်ကတော့ ဒီသတ်ဖြတ်မှုတွေနဲ့ ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားပါတယ်။ ပါကစ္စတန်လူမျိုးတွေက အိန္ဒိယဟာ ဒီတိုက်ခိုက်မှုတွေအတွက် ကြီးကြီးမားမား ပြန်ပေးဆပ်ရလိမ့်မယ်လို့ ပြောဆိုနေကြပါတယ်။

ပါကစ္စတန်နဲ့ ပါကစ္စတန် အုပ်ချုပ်တဲ့ ကက်ရှ်မီးယားရှိ ပစ်မှတ်တွေကို အိန္ဒိယက တိုက်ခိုက်ခဲ့တာကြောင့် ဗုဒ္ဓဟူးနေ့မှာ တင်းမာမှုတွေ သိသိသာသာ မြင့်တက်လာခဲ့ပြီး ၂ နိုင်ငံရဲ့ ပြည်နယ် ၂ ခုအကြားမှာ အနှစ် ၂၀ ကျော်အတွင်း အဆိုးရွားဆုံး နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။

အိန္ဒိယက ပါကစ္စတန်ဖက်ရှိ အကြမ်းဖက် အခြေခံအဆောက်အအုံ ၉ ခုကို တိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့လက အိန္ဒိယဘက် ကက်ရှ်မီးယားမှာ အစ္စလာမ္မစ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် ဟိန္ဒူခရီးသွား ၂၆ ယောက် သေဆုံးခဲ့တာနဲ့ ဆက်စပ်မှုရှိနေတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုမှာ ပါဝင်နေကြောင်း သံသယရှိသူ ၃ ယောက်ထဲက ၂ ယောက်ဟာ ပါကစ္စတန် နိုင်ငံသားတွေ ဖြစ်ကြောင်း အိန္ဒိယက အစောပိုင်း ပြောကြားခဲ့ပေမဲ့ ဘာအထောက်အထားမှ အသေးစိတ် မဖော်ပြထားပါဘူး။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013