Home
နိုင်ငံတကာ
အိန္ဒိယက ပါကစ္စတန် ကက်ရှ်မီးယားဘက်ရှိ နေရာ ၉ ခုကို တိုက်ခိုက်
DVB
·
May 7, 2025
Photo: REUTERS/SHARAFAT ALI

အိန္ဒိယနိုင်ငံဟာ  ပါကစ္စတန်ဘက် ဂျမူးနဲ့ ကက်ရှ်မီးယားဒေသရှိ သူ တိုက်ခိုက်ဖို့ စီစဉ်ထားတဲ့ ပစ်မှတ်နေရာ ၉ ခုကို မေလ ၇ ရက်က တိုက်ခိုက်ခဲ့ကြောင်းအတည်ပြုပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ပါကစ္စတန်ဘက်က အနည်းဆုံး လူ ၃  ယောက် သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားကြောင်း ကနဦး သတင်းတွေအရ သိရပါတယ်။ 

ပြီးခဲ့တဲ့လက အိန္ဒိယဘက် ကက်ရှ်မီးယားမှာ ဟိန္ဒူခရီးသွားတွေ တိုက်ခိုက်ခံခဲ့ရအပြီး နျူကလီးယားလက်နက် ပိုင်ဆိုင်ကြတဲ့ အိမ်နီးချင်း ၂ နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ထိုးစစ် ဖြစ်ပွားခဲ့တာပါ။

အိန္ဒိယဟာ ဆင်းန်ဒူးစစ်ဆင်ရေးကိုလုပ်ဆောင်ခဲ့တာဖြစ်ပြီး လူ ၂၆ ယောက် ရက်ရက်စက်စက် သေဆုံးခဲ့ရတဲ့ ပါဟာ့လ်ဂမ် အကြမ်းဖက်တိုက်ခိုက်မှုကို တိတိကျကျနဲ့ ထိန်းထိန်းသိမ်းသိမ်း တုံ့ပြန်ခဲ့တာလို့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ဆက်ဆံရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်မှာတော့ “နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုစီမံချက်ရဲ့ အရင်းအမြစ်တွေကို ပစ်မှတ်ထားပြီး ပါကစ္စတန်နဲ့ ပါကစ္စတန်သိမ်းပိုက်ထားတဲ့ ဂျမူးနဲ့ ကက်ရှ်မီးယားမှာရှိတဲ့ အကြမ်းဖက်အခြေခံအဆောက်အအုံ ၉ ခုမှာ အဓိကထား တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အရေးကြီးတာက ပါကစ္စတန် စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ ထိခိုက်တာ မရှိဘူး။ အိန္ဒိယရဲ့ ချိန်သားကိုက် လုပ်ဆောင်နိုင်မှုနဲ့ အရှိန်မမြှင့်ထားတဲ့ ချဉ်းကပ်မှုကြောင့်ပဲ” လို့ ဖော်ပြထားပါတယ်။ 

ပါကစ္စတန်က အိန္ဒိယဟာ ဒုံးကျည်တွေကို နေရာ ၃ ခုကနေပစ်လွှတ်ခဲ့ကြောင်း ပြောဆိုပေမဲ့ အိန္ဒိယအစိုးရရဲ့ ထုတ်ပြန်ချက်မှာ တိုက်ခိုက်မှုတွေရဲ့ သဘောသဘာဝကို အသေးစိပ် ဖော်ပြထားခြင်း မရှိပါဘူး။

ပေါက်ကွဲမှုတွေ ဖြစ်ပွားအပြီးမှာ ပါကစ္စတန်နိုင်ငံဘက် ကက်ရ်ှမီးယားဒေသရဲ့ မြို့တော် မူဇက်ဖှရာဘဒ်မှာ လျှပ်စစ်မီးတွေ ပြတ်တောက်သွားခဲ့ကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ကတော့ ပါကစ္စတန်နဲ့ ပါကစ္စတန်-ထိန်းချုပ်ထားတဲ့ ကက်ရ်ှမီးယားရှိ ပစ်မှတ်တွေကို အိန္ဒိယက လောလောလတ်လတ် တိုက်ခိုက်မှုဟာ ရှက်စရာဖြစ်ကြောင်း မေလ ၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ စကားပြောရာမှာ ထရမ့်ပ်က  မကြာသေးခင် နာရီပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ ရန်လိုမှုတွေဟာ ပြင်းထန်လာတယ်လို့ ကြားသိရကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013