Home
မြန်မာသတင်း
လားရှိုးမြို့ အမှတ် ၁ ရဲစခန်းတိုက်တန်းက ဖုန်းဆိုင် ဓားပြတိုက်ခံရ
DVB
·
May 7, 2025
lashio_07052025

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အမှတ် ၁ ရဲစခန်းတိုက်တန်းက AGM ဖုန်းဆိုင် မတ် ၆ ရက်နေ့ နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး i Phone ၅ လုံးပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့က နေ့လယ် ၁ နာရီဝန်းကျင်က အမှတ် ၁ ရဲစခန်းတိုက်တန်းမှာ ဖွင့်ထားတဲ့ဖုန်းဆိုင်ကို Mask တပ်ထားတဲ့ အမျိုးသားတဦးက သေနတ်နဲ့ ဓားပြဝင်တိုက်သွားတာလို့ ဆိုပါတယ်။

"သေနတ်နဲ့ နေ့ခင်းကြီး ရဲစခန်းတိုက်တန်းက ဆိုင်ကို ဓားပြတိုက်ရဲတာ တော်ရုံတော့ မဟုတ်ဘူး။ ဝန်ထမ်းမိန်းကလေးက အသက်ငယ်သေးတော့ တော်တော်ကြောက်သွားတယ်လို့ ပြောတယ်” လို့ လားရှိုး ဒေသခံတယောက်က DVB ကို ပြောပါတယ်။

အဲဒီ ဝန်ထမ်းအမျိုးသမီးတဦးတည်းရှိနေချိန် ဓားပြက သေနတ်ထောက်ပြီး i Phone ၅ လုံးယူပြီး ပြေးသွားတာလို့လည်း ဆိုပါတယ်။

လားရှိုးမြို့ဒေသခံတယောက်က "ဘယ်သူက ဖမ်းလို့မိမှာလဲ။ ဘယ်သူ့အဖေခေါ်ရမှန်းတောင် မသိရသေးတဲ့ လားရှိုးမြို့သူ မြို့သားတွေဖြစ်နေတာ” လို့ DVB ကို ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ လားရှိုးမြို့ကို စစ်ကောင်စီ ပြန်ဝင်လာတဲ့ကာလမှာ ဓားပြမှု၊ လုယက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

“ရဲစခန်းထဲမှာ ရဲနည်းနည်းပဲ ရောက်သေးတယ်။ မြို့ဝင်၊ မြို့ထွက်တွေလည်း အေးဆေး ဖြစ်နေသေးတယ်” လို့ လားရှိုးမြို့ ဒေသခံတယောက်က ပြောပါတယ်။

ဧပြီ ၂၃ ရက်ကလည်း လားရှိုးမြို့ ပါရမီလမ်းသွယ်ကနေ ထင်းရှုးမြိုင်ကိုသွားတဲ့ လမ်းမှာ စာသင်ပြီးပြန်လာတဲ့ အမျိုးသမီးငယ်တယောက်ကို အမျိုးသား ၂ ယောက်က ဖုန်းလုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် ဧပြီ ၂၁ ရက်နေ့မှာ MNDAA တပ်တွေ ပြန်လည် ဆုတ်ခွာသွားပြီးနောက် စစ်ကောင်စီက ပြန်လည်ဝင်ရောက်လာပေမဲ့ ဌာနဆိုင်ရာရုံးတွေ မလည်ပတ်နိုင်သေးဘူးလို့ သိရပါတယ်။

မေ ၂ ရက်နေ့မှာ စစ်ကောင်စီရဲ့ ယာဉ်ထိန်းရဲ၊ သတင်းရဲတပ်ဖွဲ့ (Special Branch)၊ ပညာရေးဌာန၊ စည်ပင်ဌာနတို့ လားရှိုးမြို့ကို ပြန်လည်ဝင်ရောက်လာတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ အမှတ် ၆၂၆ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်း၊ ပညာရေး(၈)၊ အမှတ် ၆၈ ခြေလျင်တပ်ရင်း၊ အမှတ် ၅၀၇ ခြေမြန် တပ်ရင်း၊ အမှတ် ၄၁ ခြေလျင်တပ်ရင်းတွေ အထိုင်ချနေပြီလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013