
စစ်ကောင်စီတပ်တွေဝင်လာပြီးနောက် လားရှိုးမြို့ပေါ်မှာ ဓားပြတိုက်ခံရတာတွေရှိလာပြီး ဧပြီ ၂၄ ရက်နေ့က ဓာတ်ပုံဆိုင်မှာ မင်္ဂလာဓာတ်ပုံလာရိုက်တဲ့ စုံတွဲဆီက ကားနဲ့ ငွေ သိန်း ၁၀၀ ကျော် ဓားပြတိုက်ခံခဲ့ရပါတယ်။
ရပ်ကွက် ၁၊ ပြည်ထောင်စုလမ်းနဲ့ တောင်ပေါ်ဘုရားလမ်းထောင့်မှာရှိတဲ့ ဟွာလီဓာတ်ပုံဆိုင်မှာ ဧပြီ ၂၄ ရက် ညနေ ၆ နာရီကျော်က ပစ္စတိုသေနတ်ကိုင်ဆောင်ထားပြီး mask အုပ်ထားတဲ့အမျိုးသား ၃ ယောက်က လာရောက်ဓားပြတိုက်ခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။
“ဓားပြတိုက်သူတွေက သေနတ်တွေနဲ့ဆိုတော့ ဘယ်သူမှ ပြန်မခုခံရဲဘူးတဲ့၊ ပြီးရင် ဓာတ်ပုံလာရိုက်တဲ့အမျိုးသမီးကို သေနတ်ထောက်ပြီး ပိုက်ဆံတောင်းတာ၊ ဟွာလီဓာတ်ပုံဆိုင်က လမ်းပေါ်တင်ကိုနော်၊ လုပ်ရဲကြတယ်”
ဓားပြတွေဟာ ဓာတ်ပုံလာရိုက်တဲ့ စုံတွဲဆီကနေ ကားတစီးနဲ့ ငွေသိန်း ၁၀၀ ကျော် ယူဆောင်သွားတယ်လို့ သိရပါတယ်။
လားရှိုးမြို့ကို စစ်တပ်ကပြန်လည်ထိန်းချုပ်ပြီး ၆ ရက်အတွင်းမှာ လုယက်ဓားပြတိုက်မှု ၂ ခုဖြစ်ခဲ့ပြီး ဧပြီ ၂၃ ရက်နေ့ကလည်း ပါရမီလမ်း၊ ထင်းရှူးမြိုင်လမ်းပေါ်မှာ အမျိုးသမီးတယောက်ဆီက ဖုန်းလုပြီး ဓားနဲ့ပါ ခုတ်သွားခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီဆီကို ပြန်လွှဲပြောင်းပေးတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကရော ကိုးကန့်တပ်ဘက်ကပါ တိတိကျကျ ထုတ်ပြန်ပြောဆိုပေးတာမရှိဘဲ အခုတော့ တချို့ရပ်ကွက်တွေမှာ လျှပ်စစ်မီးပြတ်တောက်နေတာ တပတ်ကြာပြီလို့ သိရပါတယ်။