Home
မြန်မာသတင်း
PDF တပ်ရင်း၊ တပ်ဖွဲ့များအတွက် ကန်ဒေါ်လာ ၂၅ သန်းခန့် ထောက်ပံ့ထားဟု NUG ပြော
DVB
·
May 7, 2025
PDF_07052025

ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့တွေအတွက် ဒီနေ့အချိန်အထိ အမေရိကန်ဒေါ်လာ ၂၅ သန်းလောက် ထောက်ပံ့ထားပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

PDF တပ်ရင်းတပ်ဖွဲ့တွေ စတင်ဖွဲ့စည်းချိန်ကနေ ထောက်ပံ့စရိတ်အဖြစ် ၂၇ ကြိမ်တိတိ ပေးပို့ခဲ့ပြီး ငွေကြေးပမာဏအားဖြင့် စုစုပေါင်း ခန့်မှန်း အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၉ သန်းလောက်ဖြစ်တယ်လို့ ဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံတဝန်းမှာဖွဲ့စည်းထားရှိတဲ့ PDF တပ်ရင်း၊ တပ်ဖွဲ့ ၃၀၀ ကျော်ကို ထောက်ပံ့ခဲ့တာဖြစ်ပြီး အခုပေးပို့ပြီးစီးခဲ့တဲ့ ၂၇ ကြိမ်မြောက် တပ်ရင်းထောက်ပံ့စရိတ်ကတော့ ခန့်မှန်းအမေရိကန်ဒေါ်လာ ၀ ဒသမ ၉ သန်းလောက်ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီနှုန်းအရ တပ်ရင်းတခုကို တကြိမ်မှာ ပျမ်းမျှ ကျပ်သိန်း ၁၃၀ ဝန်းကျင်ထောက်ပံ့တာဖြစ်ပါတယ်။

တပ်ရင်းထောက်ပံ့စရိတ်တွေရဲ့ ၉၀ ရာခိုင်နှုန်းဖြစ်တဲ့ ခန့်မှန်းအမေရိကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်းကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အစီအစဉ်ရဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ ၃၄ လတာအတွင်း ကောက်ခံရရှိတဲ့ ဘဏ္ဍာငွေတွေကနေ ထုတ်နုတ်သုံးစွဲခဲ့တာလို့ ဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) စတင်တဲ့ အချိန်ကနေ ဒီနေ့အထိ တာဝန်တခုအနေနဲ့ ထမ်းဆောင်ခဲ့ကြသူတဦးချင်းစီတိုင်းကို ဂုဏ်ပြုမှတ်တမ်းတင်ပြီး တော်လှန်ရေးရဲ့ အရေးကြီးတဲ့ ကာလအပိုင်းအခြားကို ရောက်ရှိနေပြီဖြစ်လို့ ပြည်သူလူထုအနေနဲ့ PRF နဲ့တကွ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဘဏ္ဍာငွေရှာဖွေရေး လုပ်ငန်းစဉ်တွေမှာ တတ်အားသရွေ့ ပါဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013