Home
မြန်မာသတင်း
ဆားလင်းကြီး ဝမ်ပေါင်ကုမ္ပဏီ လုံခြုံရေးစစ်သားများ တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံး
DVB
·
May 7, 2025
Photo: Black Eagle LPDF

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက တရုတ်ဝမ်ပေါင်ကုမ္ပဏီအတွက် လုံခြုံရေး ယူပေးနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မေ ၃ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်မှာ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သေဆုံးဒဏ်ရာရခဲ့ကြတယ်လို့ Black Eagle LPDF ဆီကနေ သိရပါတယ်။

Black Eagle LPDF ရဲ့ ပြန်ကြားရေးတာဝန်ခံက “မုံရွာ-ပုသိမ်လမ်းပိုင်းပေါ်မှာရှိတဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီနားမှာ လုံခြုံရေးကင်းစောင့်ပေးနေရင်း ခရီးသွား မော်တော်ယာဥ်တွေဆီကနေ ဆက်ကြေးတောင်းနေတဲ့ အင်အား ၄၀ လောက် စုနေကြတဲ့ ဂိတ်ကို အနားကပ်ပြီး ပစ်ခတ်ခဲ့တာပါ” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို Black Eagle LPDF က ဦးဆောင်ပြီး Fighter brotherhood Guerrilla Army (FBGA)၊ နယ်စည်းမခြား ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ယင်းမာပင်ဒရုန်းတပ်ဖွဲ့)တို့နဲ့အတူ တခြားမဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ ဆိုပါတယ်။

Black Eagle LPDF ရဲ့ တာဝန်ခံ ဗိုလ်နက်ကျော် က “မျက်မြင် ၆ ယောက် သေတယ်။ ဒဏ်ရာရတဲ့ကောင်တွေကို ကားတွေနဲ့ သယ်သွားကြတယ်။ ပစ်ခတ်မှုမှာ သူတို့ဘက်က ပြန်ပစ်တာတွေရှိတယ်။ ကျနော်တို့အဖွဲ့က Local အဖွဲ့ဆိုတော့ ကျည်ကို တိုင်းတိုင်းဆဆ သုံးရတဲ့ အနေအထားဆိုတော့ မြန်မြန်ပြန်ဆုတ်လာကြလို့ ကျနော်တို့ဘက်က ထိခိုက်မှုမရှိခဲ့ဘူး” လို့ DVB ကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရရှိတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးသလို DVB အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013