Home
မြန်မာသတင်း
တလုတ္ထော်တွင် စစ်မှုထမ်းထောက်ပံ့ကြေး ၂ ဆအထိ တိုးကောက်သဖြင့် ဒေသခံများ အခက်တွေ့
DVB
·
May 5, 2025

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့မှာ ရပ်ကွက်အုပ်စု အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းထောက်ပံ့ကြေး ၂ ဆအထိ တိုးကောက်တာကြောင့် ဒေသခံတွေ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီခန့် တလုတ္ထော်မြို့ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကျော်စွာစိုးက မြို့နယ်အဆင့်မိန့်နဲ့ လုပ်တာလို့ဆိုကာ ဧပြီ ၃၀ ရက်က စတင်ပြီး တအိမ် အရင်က ၁၀,၀၀၀ ကျပ် ကောက်ရာကနေ ကျပ် ၃၀,၀၀၀ အထိ တိုးမြှင့်ကောက်ယူနေတာလို့ ဆိုပါတယ်။

တလုတ္ထော်မြို့ခံတယောက်က “အုပ်ကြီးနဲ့အဖွဲ့က ဆိုင်ကယ်နဲ့ တအိမ်တက် တအိမ်ဆင်း လိုက်ကောက်နေတာ။ အကြွေးတောင်းသူထက်တောင် ဆိုးပါတယ်။ တအိမ် ၃၀,၀၀၀ ဆိုတော့ မထည့်နိုင်သူ များတာပေါ့။ တပတ်အတွင်း ခွဲထည့်ပေးဖို့ ပြောတယ်။ တပတ်အတွင်း ငွေမထည့်ရင် စစ်တပ်နဲ့ ဖမ်းမယ်လို့ ပြောတာ။ မြို့နယ်က ခွင့်ပြုချက်နဲ့ လုပ်တာလို့ ပြောတယ်။ ဂရုမစိုက်ဘူးပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီခန့် အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရဲ့ အပိုင်ထဲမှာ အိမ်ခြေ ၁,၀၀၀ နဲ့အထက် ရှိတယ်လို့ သိရပြီး သာမန် အခြေခံလူတန်းစား ဒေသခံတွေ များတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျေးရွာ ရပ်မိရပ်ဖတယောက်က “အခု အုပ်ချုပ်ရေးမှူးက ကိုယ့်ပြည်သူတွေအတွက် ရှိတာ မရှိတာ၊ ထည့်နိုင်တာ မထည့်နိုင်တာ မထောက်ထားဘူး၊ ဓားပြတိုက်သလိုကို တောင်းနေတာ။ ခင်ဗျားတို့ ငတ်သေမလား၊ တပ်မတော်သားတွေအဖို့ ကြည့်ဦးပေါ့ ပြောဆို တောင်းယူတာ။ အရပ်သားတွေက ကြောက်တာပေါ့နော်။ မရှိ ရှိတာ ပေါင်နှံရောင်းချငှားရမ်း ထည့်နေရတယ်။ မထည့် မရဘူးလေ၊ ထည့်တာ များတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက ဖမ်းဆီးမယ်လို့ ခြိမ်းခြောက် ငွေတောင်းနေတာကြောင့် အခြေခံလူတန်းစားတွေအဖို့ ငွေကျပ် ၃၀,၀၀၀ အထိ ထည့်ရတာကြောင့် ဖုန်း၊ အိမ်သုံးစက်ဘီး၊ အိမ်သုံးဆိုလာ အပါအဝင် နေ့စားလုပ်အားခ ကြိုထုတ်ကာ ထည့်ပေးနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကျော်စွာစိုးဟာ သူ့အိမ်ကအလုပ်တွေ အပါအဝင် ရပ်ရွာထဲ လုပ်အားပေး မကြာခဏ ခေါ်လေ့ရှိပြီး လုပ်အားပေးမလာတဲ့ အရပ်သားတွေကို တအိမ် ကျပ် ၁၅,၀၀၀ အထိ ဒဏ်ရိုက်တယ်ဆိုပြီး တောင်းယူနေတာလို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013