Home
နိုင်ငံတကာ
ဩဇီ ရွေးကောက်ပွဲတွင် ထရမ့်ပ်လှိုင်းစီး အတိုက်အခံများ အရေးနိမ့်ပြီး အာဏာရ လေဘာပါတီ ထပ်မံအနိုင်ရ
DVB
·
May 4, 2025
Photo: REUTERS/Hollie Adams

ဩစတြေးလျ ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် အန်တိုနီအဲလ်ဘနိစ် ဦးဆောင်တဲ့ အာဏာရ လေဘာပါတီဟာ ထပ်မံအနိုင်ရခဲ့ပြီး ‘အာဏာရ ကျိန်စာ’ လို့ထင်ရှားတဲ့ အနှစ် ၂၀ အတွင်း တပါတီတည်း ၂ ကြိမ်ဆက် အနိုင်မရတဲ့ အစဉ်အလာကိုချိုးဖျက်ခဲ့ပါတယ်။

ဩစတြေးလျထရမ့်ပ်လို့ ဝေဖန်ခံရတဲ့ အတိုက်အခံခေါင်းဆောင် ပီတာဒပ်တန်ကတော့ သူ ၂၄ နှစ်ကြာ တာဝန်ယူလာတဲ့ မဲဆန္ဒနယ်မှာပါ အရေးနိမ့်ခဲ့ပါတယ်။

အတိုက်အခံ လစ်ဘရယ်ပါတီဟာ ဩစတြေးလျကို တဖန်ကြီးမြတ်အောင်လုပ်မယ်ဆိုတဲ့ မဲဆွယ်မှုတွေ၊ အစိုးရ အကျိုးထိရောက်မှု ဌာနဖွင့်မယ်ဆိုတဲ့ အဆိုပြုချက်တွေကြောင့် ထရမ့်ပ်မူတွေ တုပ၊ ထရမ့်ပ်လှိုင်းစီးတယ်လို့ ဝေဖန်ခံခဲ့ရပါတယ်။

ဒါ့အပြင် အစိုးရဝန်ထမ်းတွေ အိမ်ကနေ အလုပ်လုပ်တာကို ပိတ်မယ်လို့ ထရမ့်ပ်စတိုင် မူမျိုး ချပြခဲ့တာမျိုးတွေကလည်း ဒပ်တန်နဲ့ ပါတီအပေါ် ဆိုးကျိုးသက်ရောက်မှုရှိခဲ့တယ်လို့ သုံးသပ်ကြပါတယ်။

အတိုက်အခံခေါင်းဆောင် ဒပ်တန်ဟာ သူနဲ့ ထရမ့်ပ်အကြား ရွှေ့ပြောင်းအရေး၊ အစိုးရ အသုံးစရိတ်လျှော့ချမှု၊ တရုတ်နဲ့ ဆက်ဆံရေးကိစ္စတွေမှာ မတူညီဘူးလို့ ဖြေရှင်းခဲ့ပါတယ်။

တရားဝင်မဲ ရေတွက်မှုတွေဟာ ရက်အနည်းငယ်ကြာမြင့်နိုင်ပေမဲ့ အဲလ်ဘိနိစ်ရဲ့ ဗဟိုလက်ဝဲယိမ်း အစိုးရဟာ  အရင်ရွေးကောက်ပွဲထက်ကို အမတ်နေရာ ပိုရခဲ့တယ်လို့ ရုပ်သံဌာနတွေရဲ့ တွက်ချက်မှုတွေမှာ ဖော်ပြပါတယ်။

အောက်လွှတ်တော်အမတ် နေရာ ၁၅၀ ရှိတဲ့အနက် လေဘာပါတီက  ၈၅ နေရာအထိ ရနိုင်တဲ့အတွက် တပါတီတည်း အစိုးရဖွဲ့နိုင်မှာ ဖြစ်ပါတယ်။

အတိုက်အခံ လစ်ဘရယ်-နေရှင်နယ် ၂ ပါတီ ညွန့်ပေါင်းကတော့ အမတ်နေရာ ၄၁ နေရာသာ ရမယ်လို့ ခန့်မှန်းပါတယ်။

မဲဆွယ်ကာလ ၅ ပတ်တာအတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အိမ်ရာဖူလုံရေးလိုကိစ္စတွေ လွှမ်းမိုးခဲ့ပေမဲ့ အမေရိကန်သမ္မတ ထရမ့်ပ်နဲ့ ဘယ်လို ရင်ဆိုင်မလဲဆိုတဲ့ ပြဿနာကလည်း အဓိကကျခဲ့ပါတယ်။

ကနေဒါ ရွေးကောက်ပွဲမှာလိုပဲ ဩစတြေးလျရွေးကောက်ပွဲမှာလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ သက်ရောက်မှုက ကြီးမားခဲ့ပြီး  မရေရာတဲ့ ကမ္ဘာမှာ တည်ငြိမ်တဲ့ ရပ်တည်မှုနဲ့ ဦးဆောင်နိုင်မယ့်သူအဖြစ် အယ်လ်ဘနိစ်က သူ့ကိုယ်သူ ပုံဖော်နိုင်ခဲ့တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013