Home
မြန်မာသတင်း
နတ်တလင်းက ရဲကင်းတိုက်ခိုက်ခံရပြီး ရဲနှင့်ပျူစောထီး ၃ ဦးသေ၊ လက်နက်ခဲယမ်းများရရှိ
DVB
·
May 3, 2025
Photo : သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ထဲက စစ်ကောင်စီရဲကင်းစခန်းတခုကို မေ ၂ ရက်နေ့ မနက် ၅ နာရီဝန်းကျင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်လို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ သေဆုံးဒဏ်ရာရကြသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

နတ်တလင်မြို့အရှေ့ဘက်မှာရှိတဲ့ ဒမငယ်ရွာ ရဲကင်းစခန်းသိမ်းတိုက်ပွဲကို စစ်ဆင်ရေးနယ်မြေ ၂၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ၂၂ က တပ်ရင်း ၃၈၀၁ တပ်ခွဲ ၂၊ တပ်ခွဲ ၆ နဲ့ နတ်တလင်း ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တာဝန်ခံက ပြောပါတယ်။

တော်လှန်ရေးတပ်ပေါင်းစုတွေဟာ ရဲကင်းစခန်းကို အဲဒီနေ့ မနက် ၄ နာရီဝန်းကျင်ကနေ စတင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တိုက်ခိုက်ချိန် ၁ နာရီနီးပါးကြာမြင့်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ပဲခူးတိုင်း စစ်ရေးတာဝန်ခံ က “သတင်းအရတော့ အဲဒီရဲကင်းစခန်းမှာ ရဲနဲ့ပျူအင်အား ၁၀ ယောက်ကျော်လောက်ရှိမယ်။ ဒီဘက်ကအဖွဲ့တွေဝင်တိုက်ချိန် တိုက်ပွဲအတွင်းမှာပဲ သူတို့ဘက်က ဒဏ်ရာရတဲ့သူတွေရှိတယ်။ ရဲနဲ့ ပျူ ၃ ယောက်သေတယ်။ ကျန်တဲ့ ရဲနဲ့ပျူတွေက ထွက်ပြေးသွားကြတယ်။ ဒီဘက်က ရဲဘော်တွေကလည်း သူတို့စခန်းက လက်နက်ခဲယမ်းတွေသိမ်းပြီး တန်းပြန်ဆုတ်လာကြတာ ထိခိုက်ဒဏ်ရာရတဲ့သူမရှိဘူးလို့ သိရပါတယ်ဗျ။ နတ်တလင်းမြို့နယ်ထဲမှာ မြေပြင်စစ်ရေးအခြေအနေက ဆက်လက်တင်းမာနေပါတယ်” လို့ ​ DVB ကို ပြောပါတယ်။

အဲဒီ ရဲကင်းစခန်းကနေ G3 သေနတ် ၁ လက်၊ ကာဘိုင် သေနတ် ၃ လက်၊ MA3 သေနတ် ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ၆၀ မမဗုံးသီး ၉ လုံး၊ ပလတ်စတစ် နင်းမိုင်း ၅ လုံး၊ ယာဉ်ဖျက်မိုင်း ၄ လုံး နဲ့ G3 ကျည်အတောင့် ၁၂၀ တို့ကို သိမ်းဆည်းရရှိခဲ့​တယ်လို့လည်း တိုက်ပွဲအတွင်းမှာပါဝင်ခဲ့ကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အသီးသီးသတင်းထုတ်ပြန်ထားကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013