Home
မြန်မာသတင်း
ကော့သောင်းတွင် ရဲကား ၁ စီး တိုက်ခိုက်ခံရ၊ စခန်းမှူးအပါအဝင် ၃ ဦး သေဆုံး
DVB
·
April 10, 2025
photo: ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး(ပကဖ)အဖွဲ့

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ မာရမ်းဒေသမှာ  ဧပြီ ၉ ရက် ညနေ ၄ နာရီလောက်က လစဥ်ကြေးကောက်ပြီး ပြန်လာတဲ့ မာရမ်းကျေးရွာရဲစခန်းက ကားတစီး တိုက်ခိုက်ခံရပြီး စခန်းမှူး ယောက်နဲ့ ဗိုလ်အဆင့်ရှိသူ ၂ ယောက် သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

အဆိုပါစခန်းမှူး ရဲအုပ်အပါအဝင် စုစုပေါင်း ၅ ယောက်ဟာ ကားတစီး၊ ဆိုင်ကယ်တစီးတို့နဲ့ အေးချမ်းသာကျေးရွာရှိ ရာဘာအဝယ်ဒိုင်၊ မူးယစ်ဆေးဝါးရောင်းသူနဲ့ လူကုန်ကူးပွဲစားတွေဆီကနေ လစဥ်ကြေးကောက်ပြီး ပြန်လာစဉ် တိုက်ခိုက်ခဲ့တာလို့ ကော့သောင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတယောက်က ပြောပါတယ်။

“သူတို့ဘက်က သတင်းပေးတွေကတဆင့် သိလို့ စောင့်ကြိုတိုက်ခိုက်လိုက်တာပါ။ ဆိုင်ကယ်နဲ့ လာတဲ့ ၂ ယောက်ကို အရင်ပစ်တော့ မောင်းပြေးသွားတယ်။ အဲ့မှာ ကားကိုဝိုင်းပစ်ကြတော့ ချောင်ထဲထိုးကျသွားတာ၊ အားလုံးသေတယ်။”

မြန်မာ-ထိုင်းနယ်စပ် ကော့သောင်းမှာ မူးယစ်ဆေးဝါး၊ လူကုန်ကူးနဲ့လုပ်ငန်းရှင်တွေဆီကနေ အခုလို လစဥ်ငွေကြေးကောက်ခံနေတာ အရင်အစိုးရတွေ လက်ထက်တကည်းကရှိနေတာဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ပိုဆိုးဝါးလာတာလို့ ဆိုပါတယ်။

“အနည်းဆုံး ဘတ် ၁၀၀၀ နှုန်းနဲ့ကောက်ကြတယ်။ ဘတ် ၃၀၀၀ အထိတောင်းတာရှိတယ်။ လူကုန်ကူးနဲ့ မူးယစ်ဆေးဝါးလုပ်တဲ့သူတွေဆီလည်း အနည်းဆုံး ၂၀၀၀၊ ၃၀၀၀ တောင်းတယ်။ အရင်ကဆို အဖွဲ့တွေအစုံရှိတော့ ရဲကဘယ်လောက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးက ဘယ်လောက်ဆိုပြီး ပေးရတာတောင်ရှိတယ်။ လူကုန်ကူးပွဲစားတွေမှာ မူးယစ်ဆေးလုပ်တဲ့သူတွေလည်းရှိတယ်။”

စောင့်ကြိုတိုက်ခိုက်စဥ်က ရဲကားနဲ့အတူပါလာတဲ့ ဆိုင်ကယ်တစီးမှာ လွတ်မြောက်သွားကာ ဆိုင်ကယ်ပေါ်က ရဲတပ်ကြပ်ကြီး မောင်တူးဆိုသူ ဒဏ်ရာရသွားပြီး ထိုင်းဘက်ကို ပို့ဆောင်ကုသထားတယ်လို့ ‌သိရပါတယ်။

ဒါ့အပြင် အခင်းဖြစ်ပွားတဲ့ နေရာကနေ ၄၀ မမ သေနတ် တလက်၊ AK ၂ လက်တို့အပြင် တခြားဆက်စပ် လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရခဲ့တယ်လို့ ပြောပါတယ်။

သေဆုံးသူ ၃ ယောက်ရဲအလောင်းတွေကို အဆိုပါနေ့ညမှာပဲ မာရမ်းကျေးရွာလူနာတင်ယာဥ်နဲ့ လာရောက်သယ်ဆောင်သွားပြီးတော့ ကော့သောင်းဘက်ကို ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013