Home
မြန်မာသတင်း
ဖားကန့်တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ ၁၀၀၀ ကျော်ရှိလာ
DVB
·
May 2, 2025

ဖားကန့်သွားလမ်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် လဝါးနဲ့ နန့်ယားကျေးရွာအပါအဝင် စစ်ဘေးတိမ်းရှောင်သူဦးရေ ၁၀၀၀ ကျော် ရှိလာပြီး ဆေးဝါးနဲ့ တခြားအကူအညီတွေ လိုအပ်နေကြပါတယ်။ 

ကချင်ပြည်နယ် ဖားကန့်သွားလမ်းပေါ်က လဝါးနဲ့ နန့်ယားကျေးရွာအနီးတဝိုက်မှာ စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းတပ်တွေနဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်လာတာကြောင့် ဖားကန့်လမ်းမတလျှောက်မှာရှိတဲ့ လဝါး၊ နန့်ယား၊ ကပ်မှော်၊ ဆိုင်းဖရာ၊ နမ်တိန်၊ လုန်ဘရာ၊ ခွန်ဆိုင်ဇွပ်တို့က စစ်ဘေးတိမ်းရှောင်တဲ့ ဒေသခံ ၁၀၀၀ ကျော်အထိ ရှိလာပြီလို့ စစ်ရှောင်ကူညီပေးနေသူတယောက်က ပြောပါတယ်။

လတ်တလော ဆေးဝါးပစ္စည်း၊ အမျိုးသမီးအသုံးအဆောင်တွေနဲ့ အဝတ်အစားတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

“စာရင်း ၉၀၀ ကျော်မှာ မနေ့ညက ပြန်ဝင်လာတာနဲ့ဆိုရင် ၁၀၀၀ စွန်းစွန်းထဲ ရှိလာပြီ။ အခု အရေးတကြီး လိုအပ်တာက ဆေးဝါးပစ္စည်းတွေ ဟုတ်တယ်။ တိမ်းရှောင်လာတဲ့ထဲ ကလေးငယ်တွေ သက်ကြီးရွယ်အိုတွေ ပါတဲ့အတွက် ဆေးဝါးပစ္စည်းတွေတော့ အရေးကြီးတယ်။ စစ်ရှောင်ထဲမှာ အများစုက အမျိုးသမီးတွေဖြစ်တဲ့အတွက် အမျိုးသမီးအသုံးအဆောင်တွေလည်း လိုအပ်တယ်။ မိုးတွင်းထဲရောက်လာပြီ ဆိုတော့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အာဟာရလည်း အရေးကြီးတယ်။ အခု ကျောင်းဖွင့်ချိန်ကလည်း နီးလာပြီဆိုတော့ ကလေးတွေ ပညာရေးအတွက်လည်း စိုးရိမ်စရာ ဖြစ်လာတာပေါ့။ ရုတ်တရက် တိမ်းရှောင်လာရတော့ အဝတ်အစားတွေလည်း လိုအပ်တယ်။ အခုမိုးလည်း ရွာလာပြီဆိုတော့ မိုးကာနဲ့ ထီးတွေလည်း လိုအပ်လာပြီ” လို့ စစ်ရှောင်ကူညီပေးနေသူက ပြောပါတယ်။

လက်ရှိ စစ်ရှောင် ၁၀၀၀ ကျော်ကတော့ ဖားကန့် KBC က ကောက်ယူထားတဲ့ စာရင်းတွေဖြစ်ပြီး ကဒေမှော်၊ ကထန်ယန်၊ ထွယ်ဆန်ယန်၊ နမ်ဖြစ်၊ ဆိုင်းအောင်၊ ဆိုင်းတောင်၊ စဘော့၊ မှော်စီဆာ၊ ရှအစ်ယန်၊ ယူမာ စတဲ့နေရာတွေမှာ နေရာချထားပေးတယ်လို့ သိရပါတယ်။

စားသောက်ဖို့အတွက် KBC အသင်းတော်ကနေ တာဝန်ယူဆောင်ရွက်ပေးနေပြီး လိုအပ်တာတွေကို အသင်းတော်က လက်လှမ်းမီသလောက် ကူညီပေးနေတယ်လို့ စစ်ရှောင်ကူညီပေးနေသူက ပြောပါတယ်။

“စားသောက်ဖို့အတွက်ကတော့ KBC အသင်းတော်ကနေ တာဝန်ယူခွဲဝေပေးနေတယ်။ သက်ဆိုင်ရာ အစိုးရကလည်း ကူညီပေးတာတွေရှိတယ်။ ဥပမာ သောက်ရေယူဖို့အတွက်တွေမှာပေါ့။ ဖားကန့်မြို့ထဲမှာရှိတဲ့ ရေသန့်စက်ရုံတွေကနေ သောက်ရေသွားထုတ်ယူနိုင်ဖို့ ပြင်ဆင်ပေးထားတာတွေရှိတယ်။ သုံးရေကိုလည်း ကျောက်စိမ်းကုမ္ပဏီတွေက ကားကြီးတွေနဲ့ သုံးရေပေးနေတာတွေ ရှိတယ်။ ဆေးကုသရေးအတွက် သက်ဆိုင်ရာ ကျန်းမာရေးကော်မတီကနေ လက်လှမ်းမှီသလောက် ကူညီပေးနေတာတွေ ရှိတယ်။ ပြင်ဆင်ထားတဲ့ ဆေးခန်းတွေမှာ ဆေးကုသပေးနိုင်ဖို့ စီစဉ်နေတာတွေ ရှိတယ်။ အသင်းတော်ထဲမှာလည်း ဆေးကုသပေးတဲ့ ကော်မတီရှိတဲ့အတွက် နေ့စဉ်အတွက် လိုအပ်တာတွေကိုတော့ လုပ်ဆောင်ပေးနေပါတယ်။”

စစ်ကောင်စီတပ်တွေဟာ ကားမိုင်းလမ်းနဲ့ အင်းတော်ကြီးဒေသ ဂွေခါလမ်းနှစ်ခုကနေ အင်အား ၁၀၀၀ လောက်နဲ့ ဖားကန့်ဒေသဘက်ကိုဦးတည်ပြီး ဖားကန့်သွားတဲ့လမ်းအတိုင်း စစ်ကြောင်းထိုးတက်လာတာကြောင့် KIA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တာပါ။

တိုက်ပွဲကြောင့် ဖားကန့်လမ်းတလျှောက်မှာရှိတဲ့  မအူပင်၊ ကျောက်ထု၊ နန့်ယား၊ ကပ်မှော်၊ ခွန်စိုင်ဇွပ်၊ တံတားညီနောင်၊ ဆိုင်းဖရာ၊ ကျောက်ဖျာ၊ နန့်တိန်း၊ ပျားအုံ၊ လီဒိုလမ်းမတလျှောက်ရှိ ကျေးရွာတွေဖြစ်တဲ့ ဒွန်ဘုန်း၊ လဝါး၊ မဂေါင်းတောင်၊ ခွန်ဆိုင်ယန်၊ ဒွန်ဘန်၊ မန်ပန်၊ နောင်းမီ၊ ဝရာဇွပ်၊ အောင်ရာ၊ စံပြနဲ့ ရှထူးဇွပ် စတဲ့ ကျေးရွာဒေသခံတွေ တိမ်းရှောင်နေရပါတယ်။

ဖားကန့်သွားလမ်းပေါ်က နန့်ယားကျေးရွာအနီး လဝါးပတ်ဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေပြီး နန့်ယား၊ ဆိုင်းဖရာနဲ့ ကပ်မှော်ဒေသတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလ အတွင်းမှာပဲ KIA ပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာ ဖြစ်ပါတယ်။ 

ဟန်န

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013