Home
မြန်မာသတင်း
ရေစကြိုတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးနှင့် ပကဖ တပ်ခွဲမှူး ၁ ဦး ကျဆုံး
DVB
·
May 2, 2025
Photo: ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

မကွေးတိုင်း၊ ရေစကြိုမြို့အနီးမှာ ဧပြီ ၂၉ ရက် မနက် ၅ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း တပ်ခွဲမှူးတယောက် ကျဆုံးခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “ရေစကြိုမှာရှိတဲ့ ခလရ ၂၅၈ တပ်ထဲကနေ အင်အား ၁၅၀ လောက်နဲ့ ထွက်လာတဲ့ စစ်ကြောင်းကို ရေစကြိုမြို့အထွက်က သင်္ချိုင်းကုန်းနားမှာ ဖြတ်တိုက်ခဲ့တာပါ” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ ပခုက္ကူခရိုင် အမှတ် ၉ တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၃ ယောက် သေဆုံးကာ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြသလို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း တပ်ခွဲမှူးတယောက် ကျဆုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ကျဆုံးသွားတဲ့ ပကဖ တပ်ခွဲမှူးဟာ  အသက် ၂၅ နှစ်အရွယ် ရဲဘော်မောင်ပြုံး ဖြစ်ပြီး သူ့ရဲ့ ဈာပနအခမ်းအနားကို ဧပြီ ၃၀ ရက်က ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုဝေကြီးက “အဲဒီနေ့တိုက်ပွဲက မနက် ၅ နာရီလောက်ကနေ ညနေ ၄ နာရီကျော်လောက်အထိ တနေကုန်နီးပါး ဖြစ်ခဲ့ကြတာ။ ကျနော်တို့ဘက်နဲ့ သူတို့စစ်ကြောင်းက မီတာ ၂၀၀ နဲ့ ၃၀၀ ကြားလောက်ပဲ ကွာတယ်။ တိုက်ပွဲထဲမှာ သူတို့ဘက်က မြို့ပေါ်ရုံးပေါင်းစုံထဲကနေနဲ့ ခလရ ၂၅၈ တပ်ထဲကနေလည်း လက်နက်ကြီးပစ်ကူတွေ ပေးတယ်။ အချက်ရေမနည်းဘူး။ လေကြောင်းပစ်ကူတော့ ရောက်မလာဘူး။ ညနေပိုင်းရောက်တော့ အဲဒီစစ်ကြောင်း အထိနာပြီး ပြန်ဆုတ်သွားတယ်” လို့ DVB ကို ပြောပါတယ်။

ပြန်ဆုတ်သွားတဲ့ အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ထန်းဆယ်ပင်ကျေးရွာထဲကို ဝင်ရောက်ပြီး လူနေအိမ်တွေ မီးရှို့ဖျက်ဆီးသွားတဲ့အတွက် လူနေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားကြတဲ့ အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ ခလရ ၂၅၈ တပ်ထဲကို ညနေ ၅ နာရီဝန်းကျင်မှာ ပြန်လည်ဝင်ရောက်သွားကြတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံး ဒဏ်ရာရတာနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်လာတာ မတွေ့ရသလို DVB အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013