Home
မြန်မာသတင်း
တံတားဦးနှင့် နေပြည်တော်က ငလျင်ဘေးသင့် ပြည်သူများ အကူအညီမရ
DVB
·
May 1, 2025

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်နဲ့ နေပြည်တော်ကောင်စီနယ်မြေရှိ ငလျင်ဒဏ်သင့်ပြည်သူတွေကို စစ်ကောင်စီဘက်က ကူညီတာ မရှိတဲ့အတွက်ကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

စစ်ကိုင်းတိုင်းကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် တံတားဦးမြို့နယ်၊ ဒုဋ္ဌဝတီတံတားအနီးက ဈေးချိုကျေးရွာမှာ နေအိမ် ၁၅ လုံးရဲ့ မြေနေရာတွေဟာ ဒုဋ္ဌဝတီမြစ်အတွင်း ကျွံကျခဲ့တာကြောင့်  နေအိမ်ပျောက်ဆုံးခဲ့ပါတယ်။

ဒါ့အပြင် အိမ်ထောင်စု ၁၅ စု၊ လူဦးရေ ၇၁ ယောက်ဟာ ငလျင်ဒဏ်သင့်ခဲ့ရပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

တံတားဦးဒေသခံတယောက်က “ပြန်လည်ထူထောင်ရေးအတွက်ကတော့ သူတို့ မြေပျောက် အိမ်ပျောက်တဲ့သူတွေက ဝိုင်းတွေ အစားဝယ်ရမှာပေါ့။ အစားဝယ်ပြီးတော့ နေရမယ်ဆိုရင်တော့ ပြန်လည်ထူထောင်ဖို့အတွက်ကတော့ နည်းနည်းပါးပါးတော့ ငွေကြေးအခက်အခဲတော့ ရှိကြတယ်။  တချို့ဆိုလို့ရှိရင် လုပ်ငန်းတွေပါ လုပ်မရတာတွေ ရှိတယ်။ သူတို့ ကိုယ်ပိုင်စီးပွားရေး တပိုင်တနိုင် လုပ်နေတဲ့ဟာက အိမ်ကော ဝိုင်းကော မရှိဘူးဆိုမှတော့ သူတို့မှာ အခက်အခဲလေးတွေ ရှိကြတယ်။ သူတို့မှာ လုပ်ငန်းတွေ ပြန်ထူထောင်ဖို့လည်း လိုတယ်။ ငွေကြေးအခက်အခဲတွေရှိမယ်” လို့ ပြောပါတယ်။

ငလျင်ကြောင့် မြေပျောက် အိမ်ပျောက်ခဲ့ရတဲ့ ငလျင်ဒဏ်သင့်ပြည်သူတွေဟာ နေရေးထိုင်ရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကြောင့် မြေနဲ့ အိမ်အလှူရှင်တွေ လိုအပ်နေတယ်လို့ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့သူတွေက ပြောပါတယ်။

စက်မှုနှင့် အနုပညာရပ်များမှ ကိုဇော်မျိုးဦးက “သူတို့အတွက်ကတော့ နေရေးထိုင်ရေး အတွက်ပေါ့။ မြေလွတ်ရှိရင် ရှိမှာပေါ့။ ရွာဘက်ဆိုတော့ အင်းလေးဆောက်သလိုမျိုး အလှူရှင်လေး ပေါ်လာရင်တော့ ကောင်းတာပေါ့။ မြေလှူမယ့်သူရယ် ဒါမှမဟုတ် အိမ်လေးလှူမယ့် သူရယ်။ သူတို့ ဝါးတဲဖြစ်ဖြစ်ပေါ့ သူတို့ အဆင်ပြေမယ်။ သူတို့အလုပ်က သူတို့ရွာထဲမှာ ရှိတယ်။ သူတို့က သရက်ချဉ်လုပ်တာ ဆိုတော့ အလုပ်သမားက အဆင်ပြေလိမ့်မယ် ကျနော့်အထင်တော့။ နေဖို့အတွက် အဲဒီလိုလေးတွေ ဆောက်ပေးနိုင်ရင်တော့ ကောင်းတာပေါ့” လို့ ပြောပါတယ်။

ဒါ့အပြင် နေပြည်တော်ကောင်စီနယ်မြေအတွင်းက ငလျင်ဒဏ်သင့်ပြည်သူတွေကို စစ်ကောင်စီက ကူညီတာ မရှိတဲ့အတွက်ကြောင့် လက်ရှိအချိန်အထိ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေပြည်တော်ဒေသခံတယောက်က “ပြည်သူတွေကတော့ သူတို့ ဘာမှ လာလုပ်ပေးတာ မရှိဘူး။ ကိုယ့်ဟာနဲ့ကိုယ် ကိုယ်ထူကိုယ်ထတွေ လုပ်ကြရတယ်။ သာမန်ပြည်သူတွေလည်း နေရေးထိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေးပဲ။ လက်ရှိအစိုးရဘက်က ပြည်သူနဲ့ပတ်သက်ပြီး ဘာတခုမှ လာလုပ်ပေးတာ မရှိဘူး။ ဖြိုတာဖျက်တာ သူတို့ဘာ သူတို့ လုပ်ကျရ။ အစိုးရပိုင်းက ဘာဆိုဘာမှ လုပ်မပေးတာ။ တချို့နေရာတွေမှာတော့ တော်တော်များများက ဒုက္ခကတော့ ရောက်နေတုန်း။ ဒီရက်ပိုင်းဆို မိုးတွေတယ်လေ။ ယာယီတဲက လူတွေဆို ယာယီတဲတွေ ရေဝင်တာတို့ ယာယီတဲတွေ ပျက်ကုန်တာတို့ အဲဒါမျိုးတွေ ရှိတာပေါ့” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၄,၄၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ ၁၁,၀၀၀ ကျော်၊ ငလျင်ဘေးသင့်သူ ၁၉၀,၀၀၀ ကျော်ရှိခဲ့ပြီး နေအိမ်အဆောက်အအုံ ၅၀,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ DVB က ဧပြီ ၁၆ ရက်အထိ စုစည်းရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013