Home
မြန်မာသတင်း
ငလျင်ဘေး နိုင်ငံတကာကာအကူအညီတွေ ဘယ်ရောက်သွားလဲ 
DVB
·
April 30, 2025
Photo: Chinese Embassy in Myanmar

မြန်မာနိုင်ငံမှာ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီး တလကျော်ကြာတဲ့အထိ ငလျင်သင့် ပြည်သူတွေဆီ ထိရောက်တဲ့ အကူအညီမရရှိသေးတာကြောင့် နိုင်ငံတကာအကူညီနဲ့ အလှူရှင်တွေရဲ့ ငွေတွေ ဘယ်ရောက်ကုန်ပြီလဲလို့ ငလျင်ဒဏ်သင့်ပြည်သူတွေက စစ်ကောင်စီကို မေးခွန်းထုတ်နေကြပါတယ်။

စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ အင်အားပြင်း စစ်ကိုင်းငလျင်လှုပ်ခတ်ခဲ့တာ တလကျော်ကြာမြင့်လာပြီဖြစ်ပေမဲ့ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေဟာ ထိရောက်တဲ့ နိုင်ငံတကာ အကူအညီတွေ မရရှိဘူးလို့ ငလျင်ဒဏ်သင့်ဒေသခံတွေက ပြောပါတယ်။  

အင်အားပြင်းငလျင်လှုပ်ခတ်ပြီး နောက်ပိုင်း စစ်ကောင်စီကနေတဆင့် ငလျင်ဒဏ်သင့်ဒေသတွေအတွက် နိုင်ငံတကာက အလှူငွေ စုစုပေါင်း  ၂၉၂ ဒသမ ၈၉ သန်းလောက် လှူဒါန်းပေးတာတွေ ရှိခဲ့တယ်လို့ DVB က ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ သိရပါတယ်။

ဒါပေမဲ့လည်း ငလျင်လှုပ်ခတ်ပြီး တလကျော်ကြာတဲ့အထိ အကူအညီတွေ တခုမှ မရရှိသေးတဲ့ ငလျင်ဒဏ်သင့် ပြည်သူတွေ အများအပြားရှိနေသလို နိုင်ငံတကာအကူအညီနဲ့ အလှူရှင်တွေရဲ့ ငွေတွေ ဘယ်ရောက်ကုန်ပြီလဲလို့ စစ်ကောင်စီကို မေးခွန်းထုတ်နေကြပါတယ်။

မန္တလေးဒေသခံက “နိုင်ငံတကာအကူအညီနဲ့ အလှူရှင်တွေဆီက ရတဲ့ငွေက ကြားပဲ ကြားလိုက်ရတာ။ ဘယ်သူ့ဆီကမှ တကျပ် တပြားမှ ပေးသံလည်း မကြားဘူး။ နိုင်ငံတကာ အလှူငွေတွေဆိုတာက ဘာပဲပြောပြော ငလျင်ဒဏ်သင့်တဲ့ ပြည်သူတွေဆီကို ပေးရမှာလေ။ ငလျင်ဒဏ်သင့်တဲ့ ပြည်သူတွေက ဘာမှကို မရတာ။ အံ့သြလောက်အောင်ကိုပဲ တကယ် ဘာဆိုဘာမှကို မရတာ။ တကျပ်မှလည်း မရဘူး၊ ကြားလည်း မကြားဖူးဘူး၊ မြင်လည်း မမြင်ဖူးဘူး။ နိုင်ငံတကာအကူအညီက ငလျင်ဘေးသင့်တဲ့ ပြည်သူတွေကို လာလှူတာလေ။ ငလျင်ဘေးသင့် ပြည်သူတွေကို လှူတဲ့ပစ္စည်းတွေ ပြည်သူတွေဆီကို မရောက်ဘူးဆိုတော့ ဒါဟာ မဖြစ်သင့်တဲ့ကိစ္စပါ။ အဓိကက အရှက်တရားရှိရပါမယ်။ ငလျင်ဘေးသင့်တဲ့ဒုက္ခသည်တွေကို ပေးတဲ့ကိစ္စကို ဒီကြားထဲက ဘယ်လိုပျောက်ကုန်တာလဲ၊ ဘယ်ရောက်ကုန်တာလဲပေါ့နော် အဲဒီကိစ္စက တော်တော်ဂုဏ်သိက္ခာမဲ့ပါတယ်” လို့ ပြောပါတယ်။

နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေဖြစ်တဲ့ Word Vision နဲ့ UNICEF ကတော့ ငလျင်ကြောင့် ပြိုကျသွားတဲ့ အိမ်တွေကို စာရင်းကောက်ယူတာတွေ ရှိခဲ့ပေမဲ့ ခုချိန်ထိတော့ အကြောင်းပြန်ကြားတာ မရှိသေးဘူးလို့ ဆိုပါတယ်။

မန္တလေးဒေသခံ နောက်တယောက်ကတော့ နေအိမ်တွေ ပြိုကျပျက်စီးသွားတာကြောင့် ဖြစ်သလို ခိုကပ်နေနေရသလို စားစရာဝယ်ဖို့တောင်  ပိုက်ဆံမရှိဘဲ တော်တော်လေး ခက်ခဲနေတယ်လို့ ဆိုပါတယ်။

အလားတူပဲ ငလျင်ဒဏ်ကြောင့် တမြို့လုံးနီးပါး ပြိုကျပျက်စီးခဲ့ရတဲ့ စစ်ကိုင်းမြို့မှာလည်း နိုင်ငံတကာအကူအညီတွေ ရရှိမှု မရှိသလောက်ကို နည်းပါးနေပြီး ရှင်းလင်းရေးတွေတောင် မလုပ်ဆောင်နိုင်သေးတဲ့ အခြေအနေမှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။

ဒါကြောင့် စစ်ကောင်စီကနေတဆင့် လာလှူတာမျိုးမဟုတ်ဘဲ မြေပြင်မှာ ကူညီပေးနေတဲ့ အသင်းအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးဆောင်ရွက်တာက ပိုပြီးထိ‌ရောက်မှုရှိမယ်လို့ စစ်ကိုင်းမြို့မှာ ငလျင်ဘေးရှောင်ကူညီပေးနေသူ တယောက်က ပြောပါတယ်။

ငလျင်ဘေးရှောင်ကူညီပေးနေသူတဲ့ စစ်ကိုင်းဒေသခံက “စစ်ကိုင်းဘက်ကတော့ နိုင်ငံတကာအလှူရှင်တွေက သိပ်မရှိဘူးဗျ။  နိုင်ငံတကာက မပြောနဲ့၊ စစ်ကိုင်းဘက်ကို ဝင်ကူမယ် ဆိုရင်ကို တော်တော်လေး ခက်ခဲတယ်ဗျ။ လမ်းခရီးမှာ စစ်ဆေးတာတွေ၊ မေးမြန်းတာတွေ၊ ကူညီကယ်ဆယ်ရေးလာတဲ့ ကားတွေကို စစ်ဆေးပြီးတော့ ပါဝင်ပစ္စည်းတွေကို ယူတာတွေ မလိုအပ်ဘဲ ဟန့်တားမှုတွေ ရှိတယ်ဗျ။ နိုင်ငံတကာအကူအညီ မရောက်တာကတော့ဗျာ စစ်ကောင်စီအုပ်ချုပ်တဲ့ အချိန်တိုင်း သဘာဝဘေးဖြစ်ရင် မရောက်တာကတော့ ထုံးစံပါပဲ။ နာဂစ်တုန်းကလည်း မရောက်ပါဘူး။ ဒါက စစ်ကောင်စီနဲ့ တွဲပြီးတော့ လုပ်ငန်းတွေ လုပ်တဲ့အကျိုးဆက်လို့ မြင်ပါတယ်၊ စစ်ကောင်စီ လက်ထဲကနေ ဆိုရင်တော့ ထိရောက်မှုကမ ရှိပါဘူး။ ဒါကြောင့်မို့ မြေပြင်မှာရှိတဲ့ NGO ၊ INGO အဖွဲ့တွေ၊ CSO အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ကူညီထောက်ပံ့ပေးတာက မြေပြင်မှာ ထိရောက်မှု ရှိတယ်လို့ ပြောရမှာပေါ့နော်။ နိုင်ငံတကာက ဘာပစ္စည်းထောက်ပံ့လည်းဆိုတာ အွန်လိုင်းမှာ ပျံ့နေတာပဲရှိတယ်။ တကယ်တမ်းက မမြင်ဖူးတဲ့ ငလျင်သင့်ပြည်သူတွေမှ အများကြီးပါပဲ”လို့ ပြောပါတယ်။

ဒါ့အပြင် အင်းလေးဒေသ အပါအဝင် တခြား ငလျင်ဒဏ်သင့်ခဲ့တဲ့ မြို့နယ်တွေမှာလည်း နိုင်ငံတကာ အကူအညီတွေ မရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ နိုင်ငံတကာက လက်ခံရရှိထားတဲ့ ပစ္စည်းတွေကို မတ် ၃၀ ရက်ကနေ ဧပြီ ၂၀ ရက်အထိ ဖြန့်ဝေခဲ့တယ်လို့ ဧပြီ ၂၃ ရက် စစ်ကောင်စီပိုင် သတင်းစာတွေကတဆင့် ဖော်ပြထားပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013