Home
မြန်မာသတင်း
မြေလတ်အသံ သတင်းထောက် ကိုသန်းထိုက်မြင့်ကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ်ချမှတ်
DVB
·
April 30, 2025
KO THAN HTIKE MYINT_30042025

မြေလတ်အသံသတင်းဌာနရဲ့ သတင်းထောက်တယောက်ဖြစ်တဲ့ ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်က ကိုသန်းထိုက်မြင့်ကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ 

ကိုသန်းထိုက်မြင့်ဟာ အမျိုးသမီးဖြစ်သူ မီးဖွားရက်နီးလာလို့ မြန်အောင်မြို့နယ်၊ အင်ပင်မြို့မှာရှိတဲ့ သူ့နေအိမ်မှာ ခဏရောက်ရှိ နေထိုင်နေစဉ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပထမအပတ်က စစ်ကောင်စီတပ်နဲ့ ရဲတွေရဲ့ဖမ်းဆီးတာကို ခံခဲ့ရတာဖြစ်ပြီး အခု ဧပြီလပထမအပတ်မှာ စစ်ကောင်စီလက်အောက်ခံ မြန်အောင်မြို့နယ် တရားရုံးက ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တာလို့ ဆိုပါတယ်။ 

မြန်အောင်တရားရုံး နဲ့ နီးစပ်သူတယောက်က “အဲဒီသတင်းထောက်ကို စစ်ကောင်စီတပ်က တရားစွဲပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တာ။ ဟင်္သာတအကျဉ်းထောင်မှာ အကျဉ်းချခံရမယ်ထင်တယ်။ သူ့ကို ဟင်္သာတအကျဉ်းထောင်ကို ပို့ထားတယ်” လို့ ပြောပါတယ်။

သတင်းထောက် ကိုသန်းထိုက်မြင့်ကို မြန်အောင်အခြေစိုက် ခလရ ၅၁ တပ် စစ်ကြောရေးမှာ တပတ်လောက် ချုပ်နှောင်ရိုက်နှက်စစ်ဆေးခဲ့ပြီးနောက် မြန်အောင်မြို့ ရဲစခန်းအချုပ်ကို ပို့ဆောင်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုခဲ့တာပါ။

စစ်ကောင်စီရဲ့ ထောင်ဒဏ်ချမှတ်တာခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ ဧရာဝတီတိုင်းထဲက သတင်းထောက်တယောက်က “သူတို့ (စစ်ကောင်စီ) လက်ထဲရောက်သွားရင် လုံးဝ မလွယ်ပါဘူး။ ကျနော်တို့ သတင်းသမားတွေဆို စစ်ကောင်စီက ပိုလို့တောင် အငြိုးထားသေးတာ” လို့ ပြောပါတယ်။

ကိုသန်းထိုက်မြင့်ဟာ မြေလတ်အသံသတင်းဌာနမှာ သတင်းထောက်အဖြစ် ၂၀၂၄ ဇွန်လကစလို့ အဖမ်းမခံရမိအချိန်အထိ သတင်းလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။ 

သတင်းထောက် ကိုသန်းထိုက်မြင့်ဟာ DVB ရဲ့ နယ်သတင်းထောက်ဟောင်း တယောက်လည်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်းက သတင်းလုပ်ငန်းတွေလုပ်နေရင်း ပုဒ်မ ၅၀၅ (က) နဲ့ ပထမအကြိမ် ဖမ်းဆီးထောင်ဒဏ်ချမှတ်ခံခဲ့ရပြီးနောက် ၂၀၂၂ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။

Photo - FA + Min Oo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013