Home
နိုင်ငံတကာ
ဘေရွတ်တောင်ပိုင်းကို အစ္စရေးလေကြောင်း တိုက်ခိုက် 
DVB
·
April 30, 2025
Photo: Reuters

အစ္စရေးတပ်ဖွဲ့တွေဟာ ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးရှိ ဟာဒသ် ရပ်ကွက်မှာ တနင်္ဂနွေနေ့ ညနေပိုင်းက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အဆောက်အအုံတလုံး လုံးဝပျက်စီးကာ အနီးနားရှိ နေအိမ်တွေ ပျက်စီးခဲ့ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့အကြား အပစ်အခတ် ရပ်စဲရေး စတင်အသက်ဝင်လာပြီးနောက်ပိုင်း ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးတွေမှာ တတိယအကြိမ်မြောက် တိုက်ခိုက်မှုဖြစ်ပါတယ်။

အစ္စရေးတိုက်လေယာဉ်တွေဟာ ဒုံးကျည် ၃ စင်း ပစ်လွှတ်ခဲ့ပြီး အနီးနားရှိ အဆောက်အအုံတွေနဲ့ မော်တော်ယာဉ်တွေ ပျက်စီးသွားကြောင်း လက်ဘနွန် အမျိုးသားသတင်းအေဂျင်စီက အစီရင်ခံခဲ့ပြီး တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု မရှိပါဘူး။ 

ပြင်းထန်တဲ့ ဒီတိုက်ခိုက်မှုဟာ ဟစ်ဇ်ဘိုလာရဲ့ ပစ်မှတ်တိကျတဲ့ ဒုံးကျည်တွေကို သိမ်းဆည်းထားရာ အခြေခံ အဆောက်အအုံကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုနဲ့ ကာကွယ်ရေးဝန်ကြီး အစ္စရေးလ်ကတ်ဇ်တို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒုံးကျည်တွေဟာ အစ္စရေးနိုင်ငံရဲ့ လုံခြုံရေးအတွက် သိသိသာသာ ခြိမ်းခြောက်မှု ဖြစ်ကြောင်း အစ္စရေးခေါင်းဆောင်တွေက ပြောကြားပါတယ်။ 

လက်ဘနွန်သမ္မတ ဂျိုးဆက်ဖ်အောင်းန်က အဲဒီတိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီး အမေရိကန်နဲ့ ပြင်သစ်တို့ဟာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ကို အာမခံပေးသူတွေအနေနဲ့ သူတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်ကြပြီး အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ ဖိအားပေးရမယ်လို့ ပြောကြားပါတယ်။

အစ္စရေးရဲ့ တည်ငြိမ်မှုကို ဆက်လက်ပျက်ပြားအောင် လုပ်ဆောင်ခြင်းဟာ တင်းမာမှုတွေကို ပိုဆိုးရွားစေမှာ ဖြစ်ပြီးတော့ အဲဒီဒေသရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်တဲ့ တကယ့်အန္တရာယ်တွေ ပေါ်လာလိမ့်မယ်လို့ လက်ဘနွန်သမ္မတက သတိပေးခဲ့ပါတယ်။

လက်ဘနွန်ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်စိုးမှုအပေါ် အစ္စရေးက မကြာခဏ တိုက်ခိုက်မှုတွေကို ဘယ်လိုအကြောင်းကြောင့်နဲ့မှ လက်ခံနိုင်မှာ မဟုတ်ကြောင်းလည်း ပြောဆိုပါတယ်။

လက်ဘနွန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အစ္စရေးရဲ့ တိုက်ခိုက်မှုကို ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ သက်ဆိုင်ရာ ဆုံးဖြတ်ချက်တွေကို လိုက်နာဖို့နဲ့ အစ္စရေးတပ်ဖွဲ့တွေကို လက်ဘနွန်နယ်မြေမှ ခပ်စောစော ဆုတ်ခွာသွားစေဖို့တို့ကို လက်ဘနွန်အစိုးရက တွန်းအားပေး လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013