Home
မြန်မာသတင်း
ကလေးမြို့နယ် ကျေးရွာ‌‌ ၆ ရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်
DVB
·
April 29, 2025
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB

အပစ်ရပ် စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က ကျေးရွာ ၆ ရွာကို ၃ ရက်ဆက် လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၈ ယောက် သေဆုံးထားတယ်လို့ DVB က တွေ့ဆုံခွင့်ရခဲ့တဲ့ မြေပြင်ဒေသခံတွေက ပြောကြပါတယ်။

စစ်ကောင်စီက ဧပြီ ၂၅ ရက်ကနေ ၂၇ ရက်အထိ ကလေးမြို့နယ်က ‌နတ်ချောင်းရွာ၊ နတ်မြောင်းရွာ၊ သံဖိုရွာ၊ ကျော်ရွာ၊ အောင်ချမ်းသာရွာနဲ့ မှန်တောရွာတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဖိုရွာက ဒေသခံ ၃ ယောက်၊ နတ်ချောင်းရွာက ဒေသခံ ၄ ယောက်နဲ့ နတ်မြောင်းရွာက ဒေသခံ ၁ ယောက် သေဆုံးခဲ့ပြီး ဒေသခံအရပ်သား ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ အဲဒီရွာက ဒေသခံတွေက DVB ကို ပြောပါတယ်။

အောင်ချမ်းသာရွာမှာဆိုရင် စစ်ကောင်စီက ‌ကျေးရွာက ဘုန်းကြီးကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာက ဘုန်းကြီးပါမကျန် တိမ်းရှောင်နေကြရပါတယ်။

ထိခိုက်ဒဏ်ရာရှိသူ အများစုဟာ ဦးခေါင်း၊ ဝမ်းဗိုက်၊ ခြေထောက်နဲ့ ရင်ဘတ် စတဲ့ ခန္ဓာကိုယ် နေရာအနှံ့အပြားမှာ လက်နက်ကြီးစ ထိမှန်ထားပြီး ဆေးကုသမှုခံယူနေကြရတယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက် သေဆုံးသွားတဲ့ ဒေသခံရုပ်အလောင်းတွေကိုတော့ စစ်ကောင်စီက လေ‌ကြောင်းကနေ ထိပ်မံတိုက်ခိုက်မှာကို စိုးရိမ်ကြတာ‌ကြောင့် နေ့တွင်းချင်း အသုဘချ သင်္ဂြိုဟ်လိုက်ကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားတာမျိုး မရှိဘဲ ဒေသခံအများစုကတော့ လေကြောင်းရန် လွတ်မယ့် တောတောင်တွေမှာ တိမ်းရှောင်နေကြရပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013