Home
နိုင်ငံတကာ
နေတိုးအဖွဲ့အတွင်း စစ်ရေးအခန်းကဏ္ဍကို တိုးယူမည်ဟု ဂျာမနီ ပြော
DVB
·
April 29, 2025
Photo: OLIVIER MATTHYS/Pool via REUTERS

မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကထက် ပိုမရေရာတဲ့ အနာဂတ်ကို ကြုံတွေ့နေရလို့ ဥရောပကို ကာကွယ်ရေးအတွက် ပံ့ပိုးကူညီရာမှာ ဂျာမန်အစိုးရကို အားကိုးနိုင်တယ်လို့ ဂျာမနီ သမ္မတ ဖရန့်ခ်ဝေါ်တာစတိန်းမီးယားက ဧပြီ ၂၈ ရက်မှာ ပြောပါတယ်။

နေတိုးရဲ့ ဘရပ်ဆဲလ်ဌာနချုပ်မှာလုပ်တဲ့ နှစ်ပတ်လည်အခမ်းအနားအတွင်း စတိန်းမီးယားက ခုလို ပြောခဲ့တာပါ။ သမိုင်းကဏ္ဍသစ် ဖွင့်လိုက်သလို ပထဝီဝင်နိုင်ငံရေးအပြောင်းအလဲကြောင့် တုန်လှုပ်သွားတဲ့ မဟာမိတ်တွေ စိတ်ချသေချာစေရန် ကြိုးပမ်းပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ယူကရိန်းနဲ့ စစ်ပွဲဟာ အပြည့်အ၀ အရှိန်ပြင်းလာပြီး၊ အမေရိကန်က သူ့ရဲ့ဥရောပမဟာမိတ်တွေအပေါ် အပြင်းအထန် ဖိအားပေးနေချိန်မှာ ဂျာမနီဟာ အရေးကြီးတဲ့ အနေအထားမှာ ရှိနေတယ်လို့ မိန့်ခွန်းအတွင်း မဟာမိတ်တွေကို သူက ပြောခဲ့တာပါ။

စတိန်းမီးယားက “ခင်ဗျားတို့ ကျနော်တို့ကို အားကိုးနိုင်တယ်၊ ဂျာမနီကို သူ့ရဲ့စစ်တပ်နဲ့ သူ့ရဲ့ အခြေခံအဆောက်အအုံတွေရော၊ ဥရောပမှာ သမားရိုးကျ ကာကွယ်ရေးရဲ့ ကျောရိုးအဖြစ်ပါ ကျနော်တို့ ကြိုးပမ်းသွားမှာပါ”လို့ ဆက်ပြောပါတယ်။

တင်းကျပ်တဲ့ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းကို ထောက်ခံအားပေးတဲ့ ဂျာမနီနိုင်ငံအတွက် အဓိကအလှည့်အပြောင်း တခုအဖြစ် ဖရဒ်ဒရစ်ချ်မက်ဇ်က မေလမှာ ဂျာမန် အဓိပတိသစ် အဖြစ်တာဝန်ယူဖို့ ပြင်ဆင်နေပါတယ်။

ဒီအချိန်မှာပဲ ဥရောပရဲ့ အကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ ဂျာမနီက   အသုံးစရိတ် အကြီးအကျယ် တိုးမယ့် အစီအစဉ်တွေကို အတည်ပြုခဲ့ပါတယ်။

ဘဏ္ဍာရေးအစီအစဥ်ထဲမှာ အခြေခံအဆောက်အအုံအတွက် အထူးရန်ပုံငွေ ယူရို ၅၀၀ ဘီလီယံ (ဒေါ်လာ ၅၆၉ ဘီလီယံ) ပါဝင်ပြီး ကာကွယ်ရေးရင်းနှီးမြှုပ်နှံမှုကို ကန့်သတ်ချုပ်ချယ်တဲ့ ပြည်တွင်းစည်းမျဉ်းတွေကို ဖယ်ရှားဖို့ စီစဉ်ထားပါတယ်။

နေတိုးအထွေထွေအတွင်းရေးမှူးမတ်ခ်ရူတေက “နေတိုးက ဂျာမန်တွေကို ဖိနှိပ်ထားချင်တဲ့ အချိန်တခု ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခု အဲဒီလို မဟုတ်တော့ပါဘူး”လို့ ပြောပါတယ်။ ပိုကြီးတဲ့ အန္တရာယ်ကို ရင်ဆိုင်ဖို့ ကျနော်တို့ လိုအပ်နေတာပါပဲလို့ ရူတေက ပြောပါတယ်။

တချိန်က ဂျာမန်နာဇီတွေက ဥရောပကို သိမ်းခဲ့လို့ ရုရှားက ဥရောပကို ကူညီတိုက်ခိုက်ပေးခဲ့ရဖူးတာပါ။ ဂျာမနီနိုင်ငံရဲ့ သမိုင်းကြောင်းက ဂျာမန်တို့ လက်ခံဖို့ ခက်ခဲတဲ့ အရာဖြစ်နိုင်တယ်လို့လည်း စတိန်းမီးယားက မှတ်ချက်ပြုခဲ့ပါတယ်။

“ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီအဖြစ်မှန်အသစ်ကို လက်ခံဖို့ ကျနော့်ရဲ့ ဂျာမန်တွေကို ကျနော် တိုက်တွန်းချင်ပါတယ်”လို့ ဂျာမန် သမ္မတက ပြောပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်နေချိန်မှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေရဲ့ ပြစ်တင်ဝေဖန်မှုတွေကြောင့် ဥရောပကာကွယ်ရေးအတွက် အမေရိကန်အပေါ် အပြည့်အဝ မှီခိုနေလို့ မရတော့လို့ ဥရောပက စိုးရိမ်မှု ကြီးထွားလာနေတာပါ။

ဒီအချိန်မှာ ဂျာမနီ အစိုးရက ကာကွယ်ရေး အသုံးစရိတ်ကို အရှိန်အဟုန်မြှင့်နေတာလည်း ဖြစ်ပါတယ်။

အနောက်ဂျာမနီဟာ စစ်အေးကာလ  ၁၉၅၅ ခုနှစ်မှာ နေတိုးအဖွဲ့ကို ဝင်ရောက်ခဲ့ပါတယ်။ ၁၉၉၀ မှာ ဂျာမနီ ၂ ခြမ်း ပြန်လည်ပေါင်းစည်းပြီးတဲ့နောက် အရှေ့ဂျာမနီပါ နေတိုးမဟာမိတ်အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024