Home
ဆောင်းပါး
ရှင်ဥပဂုတ္တ ဆုံးမခန်း 
DVB
·
April 28, 2025

ဒေသတွင်း နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်စေဖို့ ဆိုတဲ့ အရင်းခံ ရည်ရွယ်ချက်နဲ့ အာဆီယံကို ၁၉၆၇ မှာ နိုင်ငံ ၅ ခု (ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်) က ထူထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကြောင့် အခုအချိန်မှာ ဒေသတွင်း အစစအရာရာ အနိမ့်ကျဆုံး အခြေအနေမှာ ရှိနေပြီး မျက်နှာငယ်နေကြရတဲ့ မြန်မာနိုင်ငံသားတွေ အာဆီယံနဲ့ပတ်သက်ပြီး ရှားရှားပါးပါး ဂုဏ်ယူကြဖို့ရှိတာ တခုက အဲဒီ အာဆီယံ ဆိုတဲ့ စိတ်ကူးစိတ်သန်းဟာ မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးနှောက်ထဲမှာ ပထမဆုံး သန္ဓေတည်ခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ ဦးနှောက်ရင်သွေး (Brain Child) ဖြစ်တယ်ဆိုတဲ့ အချက်ပါ။ ဒါကြောင့် အာဆီယံကို ထူထောင်ချိန်မှာ ဗိုလ်ချုပ်သာ သက်ရှိထင်ရှားရှိနေမယ်ဆိုရင် ဗိုလ်ချုပ် ဦးဆောင်တဲ့ မြန်မာနိုင်ငံဟာ အာဆီယံကို ထူထောင်တဲ့ နိုင်ငံတွေစာရင်းမှာ ပါဝင်မှာ ဧကန်မုချ ဖြစ်တယ်လို့ ဆိုနိုင်ပါလိမ့်မယ်။

အာဆီယံ စိတ်ကူး ပထမဆုံး သန္ဓေတည်ခဲ့သူရဲ့ နိုင်ငံ အာဆီယံအဖွဲ့ဝင် ဖြစ်လာတာက အဖွဲ့ ပေါ်ပေါက်ပြီးနောက် နှစ် ၃၀ အကြာ ၁၉၉၇ ကျမှ ဖြစ်ပါတယ်။ အဲဒီအချိန် မြန်မာနိုင်ငံမှာ အာဏာရနေတာက ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးကို အကြမ်းဖက် နှိမ်နင်းဖြိုခွဲခဲ့မှု၊ ပြည်သူတွေရဲ့ မျှော်မှန်းချက် ပေါ်လွင်မြင်သာစွာ ထင်ဟပ်နေတဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို နင်းချေ ဖျက်ဆီးခဲ့မှုတွေကြောင့် နိုင်ငံတကာအသိုက်အဝန်းရဲ့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့ခြင်း ခံနေရတဲ့ (နအဖ) စစ်အစိုးရ ဖြစ်ပါတယ်။ (နအဖ) က အာဆီယံထဲ ဝင်ခွင့်ရဖို့ လျှောက်ထားခဲ့ပေမဲ့ နိုင်ငံတကာရဲ့ ဖယ်ကြဥ်ထားမှုကို ခံနေရတဲ့ နိုင်ငံတခုကို အဖွဲ့ထဲထည့်သွင်းဖို့ အာဆီယံခေါင်းဆောင်တွေ မဝံ့မရဲ ဖြစ်နေကြတာကြောင့် အချိန်ဆွဲလာကြရင်း အဖွဲ့တည်ထောင်မှု နှစ် ၃၀ ပြည့်မြောက်တဲ့ ၁၉၉၇ ခုနှစ်ကျမှ အဖွဲ့ရဲ့ ဝါရင့်ခေါင်းဆောင်ကြီးတဦးဖြစ်တဲ့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်ရဲ့ ထောက်ခံမှုနဲ့ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ထဲ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီးနောက်မှာ မြန်မာနိုင်ငံဟာ အာဆီယံခေါင်းဆောင်တွေ စိုးရိမ်ပူပန်ခဲ့ကြတဲ့အတိုင်း အာဆီယံကို ဒုက္ခမျိုးစုံ ပေးခဲ့ပါတယ်။ အာဆီယံ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းက တည်ငြိမ်ရေးလမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံ ထိခိုက်ပွန်းရှမှု အနည်းဆုံးနဲ့ ရောက်ရှိစေရေးအတွက် လူထုခေါင်းဆောင်၊ လူမျိုးစုခေါင်းဆောင်များနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ အကြိမ်ကြိမ် တိုက်တွန်း တောင်းဆိုခဲ့ကြပေမဲ့ မြန်မာစစ်အုပ်စုက ပြည်သူတွေရဲ့ အခြေခံရပိုင်ခွင့်များကို ဆက်လက်ပြီး ပြင်းပြင်းထန်ထန် ချိုးဖောက်ခြင်း၊ လူထုခေါင်းဆောင်ကို အိမ်အကျယ်ချုပ် အကြိမ်ကြိမ်ချထားခြင်း၊ လူမျိုးစုခေါင်းဆောင်များကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းတို့ဖြင့် အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ တိုက်တွန်း တောင်းဆိုမှုကို တုံ့ပြန်ခဲ့ပါတယ်။ စစ်အုပ်စုရဲ့ အဲဒီလုပ်ရပ်တွေကြောင့် အာဆီယံဟာ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့လို နိုင်ငံတွေ၊ အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးမှာ အကျပ်အတည်းတွေ အကြိမ်ကြိမ် တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ပေါက်တဲ့နဖူး မထူးတော့ဘူးဆိုတဲ့ အတွေးနဲ့ ကျန် အာဆီယံ ခေါင်းဆောင်တွေဟာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတဲ့ပွဲတွေဆီသို့ စစ်အုပ်စု ဒရွတ်ဆွဲ လိုက်ပါလာတာကို စိတ်မသက်မသာနဲ့ ခွင့်ပြုခဲ့ကြပါတယ်။

အဲသလိုအခြေအနေတွေ ရှိနေချိန်.. အစိုးရ ကမကထပြု အကြမ်းဖက်မှု.. (State Sponsored Terrorism) လို့ ကမ္ဘာ့မီဒီယာတွေက အမည်ပေးခဲ့ကြတဲ့ ဒီပဲယင်းလုပ်ကြံမှုကြီး ပေါ်ပေါက်လာတဲ့ အခါမှာတော့ အာဆီယံဟာ မြန်မာစစ်အုပ်စုအပေါ် အတော်ကလေး စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ပါတယ်။ တချို့ အာဆီယံခေါင်းဆောင်တွေဆိုရင် သံတမန်လုပ်ထုံးလုပ်နည်း၊ သံတမန် ပြောပုံဆိုပုံတွေကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ စစ်အုပ်စုကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင် ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အာဆီယံတဖွဲ့လုံး အနေနဲ့လည်း စစ်အုပ်စုရဲ့ အဲဒီလုပ်ရပ်ကို လက်မခံနိုင်ကြောင်း ဖော်ပြထားတဲ့ ကြေညာချက်တခု ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၀ ကျတော့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီကြီးတွေ ပါဝင်လို့မရအောင် စနစ်တကျ အကွက်ချ စီမံထားတဲ့ ရွေးကောက်ပွဲတခုကို စစ်အစိုးရက ဦးစီးပြီး ကျင်းပပါတယ်။ လွတ်လပ် အမှီအခိုကင်းတဲ့ ဘယ်စောင့်ကြည့်အကဲခတ်အဖွဲ့ရဲ့ ထောက်ခံမှုကိုမှ မရရှိခဲ့တဲ့ အဲဒီရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက်နောက်ခံပြု (ကြံ့/ဖွံ့) ပါတီက အနိုင်ရပြီး ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အရပ်ဝတ်လဲ စစ်အစိုးရ တက်လာပါတယ်။ ဦးသိန်းစိန်က လေသံပျော့တဲ့ မိန့်ခွန်းတွေ ပြောပါတယ်။ နိုင်ငံရေးအရ လျှော့ပေါ့မှုတချို့ လုပ်ပါတယ်။ နိုင်ငံရေးအကျဥ်းသားတွေကို ပြန်လွှတ်ပေးပါတယ်။ ဒီလုပ်ရပ်တွေကြောင့် အာဆီယံ စိတ်သက်သာရာ နည်းနည်းရလာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD မှတ်ပုံပြန်တင်၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ NLD အမတ်တချို့ လွှတ်တော်ထဲ ရောက်သွားတော့ မြန်မာပြည်သူတွေနဲ့အတူ အာဆီယံလည်း စိတ်အားတက်လာပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုနိုင်တဲ့ NLD ကို အစိုးရလုပ်ခွင့်ပေးလိုက်တော့ မြန်မာစစ်ခေါင်းဆောင်တွေ လိမ္မာလာပြီ၊ မြန်မာနိုင်ငံမှာ တည်ငြိမ်တဲ့ ခေတ်သစ်တခု စတင်ပြီ ဆိုတဲ့ အတွေးနဲ့ အာဆီယံခေါင်းဆောင်တွေ ရွှင်လန်းအားရ ဖြစ်ခဲ့ကြပါတယ်။ ကျန်နိုင်ငံတကာ အသိုက်အဝန်းကလည်း စစ်ခေါင်းဆောင်တွေကို စိတ်တုံးတုံးချ မယုံကြည်နိုင်သေးပေမဲ့  အပြောင်းအလဲတွေကိုတော့ အပြုသဘော ရှုမြင်ခဲ့ပါတယ်။

အဲသလိုရှိနေတုန်း ၂၀၂၀ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို ထပ်နိုင်တဲ့ NLD လက်ထဲက   နိုင်ငံတော်အာဏာကို စစ်တပ်က လုယူလိုက်ပြန်တော့ မြန်မာပြည်သူတွေရော အာဆီယံ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းတခုလုံးပါ ရှော့ခ်ရသွားကြပါတယ်။ နိုင်ငံတကာက အာဏာလု စစ်အုပ်စုအပေါ် အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်ပါတယ်။ စစ်အုပ်စုက ပြည်သူတွေအပေါ် ဖမ်းဆီး ဖိနှိပ် ညှဥ်းဆဲ သတ်ဖြတ်မှုတွေ ဆက်လက်ပြုလုပ်နေတာကြောင့် ကျန် အာဆီယံခေါင်းဆောင်တွေက ထိပ်သီးအစည်းအဝေးဆိုတဲ့ ခေါင်းစဥ်နဲ့ အာဏာလု စစ်အုပ်စုခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်ကို ဂျူရီအဖွဲ့ရှေ့မှောက် တရားခံခေါ်သလို ခေါ်တွေ့ပြီး ဘုံသဘောတူညီချက် ၅ ခုမှာ သူ ပါဝင်လက်မှတ်ထိုးအောင် ဆွဲဆောင် သိမ်းသွင်းခဲ့ကြပါတယ်။ ဒါပေမဲ့ ဗိုလ်မင်းအောင်လှိုင်က မြန်မာနိုင်ငံ ပြန်ရောက်ပြီး နောက်တနေ့မှာ အဲဒီ ဘုံသဘောတူစာချုပ်ကို စုတ်ဖြဲ နင်းချေပစ်လိုက်ပါတယ်။

အဲဒီအချိန်ကစလို့ မြန်မာစစ်အုပ်စု (စကစ) ဟာ အာဆီယံအတွက် မစင်ထုပ်ကြီးတထုပ် ဖြစ်လာခဲ့ပါတယ်။ မစင်ထုပ် အရှုပ်ကို ရှင်းဖို့ ကြိုးစားတဲ့ နည်းလမ်းတခုအနေနဲ့ အာဆီယံက သူ့ရဲ့ ဝန်ကြီးအဆင့်နဲ့အထက် အစည်းအဝေးတွေမှာ စစ်ခေါင်းဆောင်တွေကို တက်ရောက်ခွင့် မပြုခြင်းဖြင့် စကစ ရဲ့ အဲဒီလုပ်ရပ်ကို မှန်မှန်ကန်ကန် တုံ့ပြန်ခဲ့ပါတယ်။ ဒီအရေးယူမှုဟာ အာဆီယံသမိုင်းမှာ တခါမှ မရှိဘူးသေးတဲ့ ဆောင်ရွက်ချက် ဖြစ်ပါတယ်။ ဒါပေမဲ့ စကစက အာဆီယံရဲ့ အဲဒီအရေးယူမှုကို ဂရုမစိုက်တဲ့ ပုံမျိုးနဲ့ နေပြခဲ့ပါတယ်။  ဒီလိုနဲ့ အချိန်ကြာလာလေလေ နဂိုကတည်းကမှ မတူညီတဲ့ နိုင်ငံရေး စံတန်ဖိုးတွေပေါ်မှာ လျော့တိလျော့ရဲ တည်ဆောက်ထားတာ ဖြစ်တဲ့ အာဆီယံနိုင်ငံတွေ တခုချင်းအကြား မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သဘောထား ကွဲပြားမှုတွေ များလာလေလေ ဖြစ်လာပါတော့တယ်။ …တဲကလေး မခိုင့်တခိုင်.. လေတိုးလို့ယိုင်.. ဆိုသလို စည်းလုံးညီညွတ်ပြီး ဂုဏ်သိက္ခာမြင့်မားတဲ့ လူရိုသေရှင်ရိုသေ ဒေသဆိုင်ရာ အဖွဲ့တခုဖြစ်ဖို့ ကြိုးစားပမ်းစား တည်ဆောက်နေရတဲ့ အာဆီယံအတွက် မြန်မာနိုင်ငံဟာ ကပ်ရောဂါဆိုးတခု ဖြစ်လာပါတယ်။

စစ်အာဏာရှင်ခေတ်တလျှောက်လုံး နိုင်ငံရေးခေါင်းဆောင်တွေ၊ လူမျိုးစုခေါင်းဆောင်တွေအကြား သဘောထား ကွဲပြားမှုတွေပေါ်ကနေ အမြတ်အစွန်း ကြီးကြီးမားမား ရရှိလာခဲ့တာဖြစ်တဲ့ မြန်မာစစ်အုပ်စုဟာ သူ့ကိုအကြောင်းပြုပြီး အာဆီယံအတွင်း အဲသလို သဘောထားတွေ အကွဲကွဲ အပြားပြား ဖြစ်နေတဲ့အပေါ်ကလည်း အကျိုးအမြတ်တွေ ရရှိနေပါတယ်။ အဓိက အကျိုးအမြတ်ကတော့ ကမ္ဘာကြီးရဲ့ အာဏာကုန်အပ်နှင်းခြင်း ခံထားရတဲ့ အာဆီယံရဲ့ အကာအကွယ်ကိုယူပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ အချိန်တွေ ဆက်လက်ဝယ်ယူနိုင်နေခြင်းပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အာဆီယံအဖွဲ့ဝင် ဖြစ်လာချိန်ကစလို့ အခုအထိ စစ်အုပ်စုလုပ်ခဲ့သမျှ လုပ်ရပ်တွေကို လေ့လာသုံးသပ်ကြည့်လိုက်ရင် အချက်တချက် ထင်ထင်ရှားရှား ထွက်ပေါ်လာတာကို အားလုံး မြင်တွေ့ကြရပါလိမ့်မယ်။ အဲဒါကတော့ စစ်အုပ်စုဟာ (မြန်မာ့ပြည်တွင်းစစ်တလျှောက် စစ်မြေပြင်မှာ အရပ်သားပြည်သူတွေကို အသုံးချခဲ့သလို) လူသားဒိုင်း (human shield) အဖြစ် အသုံးပြုဖို့သာ အာဆီယံထဲ ဝင်ရောက်ခဲ့ခြင်းဖြစ်တယ် ဆိုတဲ့အချက်ပါ။ တာဝန်သိ နိုင်ငံတကာ အသိုက်အဝန်းဆီကလာတဲ့ ဝိုင်းပယ် ဖယ်ကြဥ်ထားလိုမှု မျက်ဝန်းတွေကနေ လွတ်ကင်းဖို့ စစ်အုပ်စုက အာဆီယံဝတ်ရုံထဲမှာ ဝင်ပုန်းနေခဲ့တာပါ။

၂၀၂၁ အာဏာလုပွဲနောက်ပိုင်းမှာ စစ်အုပ်စုရဲ့ အခြေအနေက ပိုဆိုးလာပါတယ်။ တရားဝင်မှု (legitimacy) ရဲ့ ရှေ့ပြေးနိမိတ် ဖြစ်ကောင်းဖြစ်နိုင်တဲ့ နိုင်ငံတကာ မိတ်ဝတ်မပျက် ဆက်ဆံရေးကို သူတို့လည်း ရရှိနေကြောင်း ပြသဖို့ ဣန္ဒြေသိက္ခာကင်းမဲ့စွာ ကြိုးစားပါတော့တယ်။ တာဝန်သိတဲ့ ဘယ်နိုင်ငံကမှလည်း တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြု၊ ဘယ်နိုင်ငံ ခေါင်းဆောင်မှလည်း အလည်မလာ၊ ဘယ်နိုင်ငံ ခေါင်းဆောင်ကမှလည်း အလည်မဖိတ်တဲ့.. ဓားပြအလှူ.. လို ဖြစ်နေတဲ့ အခြေအနေမှာ သူ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေ ရပ်တန့်စေရေး ညှိနှိုင်းဖျောင်းဖြဖို့သာ လာရောက်ခြင်းဖြစ်တဲ့ နိုင်ငံတကာ သံတမန်တွေနဲ့ စစ်အုပ်စုခေါင်းဆောင် (သံတမန် လုပ်ထုံးလုပ်နည်းအရ) လက်ဆွဲနှုတ်ဆက်တဲ့ ဓာတ်ပုံတွေကို သူတို့သတင်းစာ မျက်နှာဖုံးမှာ ပြူးတူးပြဲတဲ ဖော်ပြပြီး ကြွားလုံးထုတ်ရတဲ့အထိ ရုပ်ပျက်ဆင်းပျက် ဖြစ်လာပါတယ်။ အာဆီယံက သူ့ရဲ့ ဝန်ကြီးအဆင့်နဲ့အထက် အစည်းအဝေးတွေမှာ စကစ ခေါင်းဆောင်တွေကို တက်ရောက်ခွင့် မပြုဘူးလို့ ဆုံးဖြတ်ထားပေမဲ့ အချို့သော အခြားအဆင့် အစည်းအဝေးတွေမှာ စကစ ဗိုလ်ချုပ်ကြီးတွေကို ဖိတ်မိလို့ အရပ်ဘက် အဖွဲ့အစည်းများစွာရဲ့ ကန့်ကွက်မှုခံရ၊ အာဆီယံ ခေါင်းဆောင်တချို့ရဲ့ ဝေဖန်ခံရနဲ့ ဖိတ်မိတဲ့နိုင်ငံမှာ မျက်နှာပျက် ရတက်ပွေရပါတယ်။ အာဏာလုကာလ ၄ နှစ်အတွင်း မြန်မာနိုင်ငံကို လာရောက်တဲ့ နိုင်ငံခေါင်းဆောင်တယောက် (ဟွန်ဆန်) နဲ့ စစ်ခေါင်းဆောင်ကို အလည်ဖိတ်တဲ့နိုင်ငံ ၄ ခုသာ ရှိခဲ့ပြီး အဲဒီနိုင်ငံတွေထဲမှာ ရှေ့ ၃ ခုက အာဏာရှင်စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေ ဖြစ်တာကြောင့် စစ်ခေါင်းဆောင်ရဲ့ အဲဒီခရီးစဥ်တွေမှာ ဘာပြဿနာမှ မရှိခဲ့ပေမဲ့ ဒီမိုကရေစီ တစုံတရာရှိတဲ့ စတုတ္ထမြောက်နိုင်ငံမှာတော့ သူ့ကိုဖိတ်တဲ့ အစိုးရ အတော်ကလေး ခေါင်းကိုက်သွားခဲ့ရပါတယ်။ လွှတ်တော်ထဲမှာ ဝေဖန်ခံရ၊ စစ်ခေါင်းဆောင် ရောက်ရှိနေရာ မြို့တော်နဲ့ တည်းခိုနေရာ ဟိုတယ်မှာ ဆန္ဒပြခံရနဲ့ အတော်ကလေး ပွက်လောရိုက်သွားခဲ့ပါတယ်။

အာဆီယံနဲ့ စကစ အဲသလို မအီမလည် မရှူနိုင် မကယ်နိုင်တွေ ဖြစ်နေတာ တွေ့ရတော့ ဗုဒ္ဓဘာသာဝင်တွေအကြား ထင်ရှားကျော်ကြား လူသိများတဲ့ ဇာတ်တော်တခုအကြောင်း ကျနော် သွားသတိရမိပါတယ်။ ဇာတ်တော်က မြောက်သမုဒ္ဒရာမှာ ကြေးပြာသာဒ်နဲ့ စံမြန်းနေတယ်ဆိုတဲ့ ရှင်ဥပဂုတ္တဇာတ်တော်ပါ။ တိုတိုပြောရရင် ဘုရား သက်ရှိထင်ရှားရှိစဥ်ကတည်းက ဘုရားကို အကြိမ်ကြိမ် အနှောင့်အယှက်ပေးခဲ့ဖူးသူဖြစ်တဲ့ မာရ်နတ်ကို တခါတော့ ရှင်ဥပဂုတ္တက ပြစ်ဒဏ်ပေးတဲ့အနေနဲ့ သူ့လည်ပင်းမှာ ခွေးသေကောင်ပုပ်တခု ဆွဲပေးလိုက်ပါတယ်။ ပုပ်ဟောင် နံစော်လှတဲ့ အဲဒီ ခွေးသေကောင်ပုပ်ကို မာရ်နတ်က သူ့ဘာသာသူ ဆွဲချွတ်လို့ မရပါဘူး။ ဒါကြောင့် သူက သူ့ထက် တန်ခိုးကြီးတဲ့နတ်တွေဆီ သွားပြီး အကူအညီတောင်းပါတယ်။ နတ်တွေက အကျိုးအကြောင်းမေးတော့ အင်မတန် တန်ခိုးကြီးတဲ့ ရှင်ဥပဂုတ္တ ဆွဲပေးထားတာ ဖြစ်တယ်ဆိုတာ သိသွားတဲ့အခါ သူတို့ချွတ်ပေးလို့ မရဘူးဆိုပြီး ငြင်းလွှတ်လိုက်ကြပါတယ်။ ဘယ်သူကမှ ချွတ်မပေးနိုင်တဲ့ အဆုံးမှာ မာရ်နတ်ဟာ ရှင်ဥပဂုတ္တဆီကို ပြန်သွားပြီး တောင်းပန်ရပါတယ်။ ရှင်ဥပဂုတ္တက ဘုရားရှင်သာသနာကို နောင်ဘယ်တော့မှ မနှောင့်ယှက်တော့ပါဘူးဆိုတဲ့ ကတိတောင်းပြီး မာရ်နတ်လည်ပင်းက ခွေးသေကောင်ပုပ်ကို ချွတ်ပေးလိုက်ပါတယ်။

အခုအချိန်မှာ မြန်မာပြည်သူတွေက နွေဦးတော်လှန်ရေးတည်းဟူသောတန်ခိုးအားဖြင့် စကစ ခွေးသေကောင်ပုပ်ကို အာဆီယံလည်ပင်းမှာ ချိတ်ဆွဲပေးထားတာ ဖြစ်ပါတယ်။ မြန်မာ့ နွေဦးပြည်သူတွေကို အလေးမထားသမျှ ကာလပတ်လုံး စကစ ခွေးသေကောင်ပုပ်ဟာ အာဆီယံ ဘယ်သွားသွား တန်းလန်းပါနေမှာ ဖြစ်ပါတယ်။ အာဆီယံအနေနဲ့ သူ့လည်ပင်းက ခွေးသေကောင်ပုပ် ပြုတ်ထွက်သွားဖို့ အမှန်တကယ် ဆန္ဒရှိတယ်ဆိုရင် အစကတည်းက တန်ခိုးရှိန်စော် နည်းပါးခဲ့ပြီး အခုအချိန်မှာ လုံးလုံးလျားလျား စွမ်းပကားကင်းမဲ့နေပြီ ဖြစ်တဲ့ ဘုံသဘောတူချက် ၅ ရပ်ကို စွန့်လွှတ်ပြီး မြန်မာ့နွေဦးပြည်သူတွေရဲ့ ရင်ခုန်သံနဲ့ စည်းချက်ညီတဲ့ ရပ်တည်ချက်ကို ပြောင်းလဲကိုင်စွဲသင့်ပါတယ်။ အဲသလိုလုပ်မှသာလျှင် သူ့လည်ပင်းက ခွေးသေကောင်ပုပ် ပြုတ်ကျပြီး အာဆီယံဟာ ကမ္ဘာကြီးက အားထားစံပြုလောက်တဲ့ ဒေသဆိုင်ရာ အဖွဲ့တခုအဖြစ် ဝင့်ဝင့်ထည်ထည် ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။

စည်တော်သံ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024