
စစ်လက်နက်နဲ့ စစ်အသုံးဆောင်ပစ္စည်းတွေကို ပိုကောင်းအောင်ထုတ်ကြဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီ ၂၆ ရက်မှာလုပ်တဲ့ ၇၅ နှစ်မြောက် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု တပ်ဖွဲ့နေ့ အခမ်းအနားမှာ ပြောပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ကမ္ဘာ့အကြီးဆုံးအဖြစ် သူတည်ထားတယ်လို့ ဂုဏ်ယူနေတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် တည်ထားကိုးကွယ်ရာမှာ စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု တပ်ဖွဲ့က အဓိက အခန်းကနေပါခဲ့တယ်လို့လည်း ချိတ်ဆက်မြှောက်ပင့်ပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ မင်းတုန်းမင်းလက်ထက်ကတည်းက ကနောင်မင်းသားက စစ်လက်နက်ပစ္စည်းတွေ ထုတ်ဖို့ ကြိုးစားခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီးနောက် ပုန်ကန်တာတွေကိုရင်ဆိုင်ရပြီး အချုပ် အခြာကို တပ်မတော်က ခက်ခက်ခဲခဲ ကာကွယ်စောင့်ရှောက်ခဲ့ကြောင်း စတဲ့သမိုင်းတွေချီပြီးတော့လည်း ပြောဆိုခဲ့ပါတယ်။
အဲဒီကာလမှာ တပ်ခေါင်းဆောင်တွေက ပြည်တွင်းမှာပဲ လက်နက်ခဲယမ်းတွေထုတ်လုပ်ဖို့ ကြံစည်ကြိုးပမ်းခဲ့ကြပြီး ၁၉၅၀ ပြည့်နှစ်၊ ဧပြီ ၂၆ ရက်မှာ ဖွဲ့စည်းပုံနဲ့ဖွဲ့ပြီးနောက် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုတပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်လက်နက်နဲ့ စစ်အသုံးဆောင်ပစ္စည်းဆိုတာဟာ စစ်မြေပြင်မှာ မှတ်ကျောက်တင်ခံရမှာဖြစ်လို့ အရည်သွေးပိုကောင်းတာထက်ကောင်းအောင်၊ စွမ်းဆောင်နိုင်ရည်မြင့်မားတာထက် မြင့်မားအောင် နယ်ပယ်စုံကနေ ကြိုးပမ်းဆောင်ရွက်သွားကြဖို့လည်း မှာကြားလိုတယ်လို့ ပြောပါတယ်။
တိုင်းပြည်နဲ့တပ်မတော်အပေါ် သစ္စာရှိရှိနဲ့ ကျရာတာဝန်ကို ကျေပွန်အောင် ဆက်လက် ထမ်းဆောင်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
Photo : CINCDS