Home
မြန်မာသတင်း
မုံရွာတွင် စစ်တပ် လက်နက်ကြီး ပစ်ခတ်နေသဖြင့် ဒေသခံထောင်ချီ ထွက်ပြေးနေကြရ 
DVB
·
April 28, 2025

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ဧပြီလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အသတ်ခံရပြီးနောက်ပိုင်း စစ်တပ်ဘက်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ထောင်ချီတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးနေကြရတယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ဆီကနေ သိရပါတယ်။

မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံက “မုံရွာ နမခထဲကနေ ကျွဲရဲတောင်ရွာနဲ့ မြောက်ရွာတွေကို အခုရက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်နေလို့ အဲဒီရွာတွေက ပြည်သူတွေ ရွာတွေထဲမှာ မနေရဲကြဘဲ ထွက်ပြေးနေကြရတယ်။ အဲဒီရွာတွေကကြီးတော့ ၂ ရွာပေါင်း လူဦးရေ ၃၀၀၀ ဝန်းကျင်ရှိမယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့၊ မနက်ပိုင်းက ရှင်ငါးဆယ်ကျေးရွာမှာ တပ်စွဲနေကြတဲ့ စစ်ကောင်စီ အရာရှိအပါအဝင် တပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရလို့ သေဆုံးပြီးနောက်ပိုင်း ဧပြီ ၂၅ ရက်ကစတင်ကာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာလို့ ဆိုပါတယ်။

မုံရွာခရိုင်အမှတ် ၁ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဒီမို က “အရင်ရက်တုန်းက ရှင်ငါးဆယ်ရွာမှာ တပ်စွဲနေကြတဲ့ စစ်သားတွေထဲက ကျွဲရဲရွာဘက်ကို ဆိုင်ကယ်နဲ့လာတဲ့ အရာရှိ ၁ ပွင့်ဗိုလ် ၁ ယောက်နဲ့ တပ်ကြပ် ၁ ယောက်တို့ အပစ်ခံရပြီး သေတယ်။ ကျွဲရဲရွာနဲ့ ရှင်ငါးဆယ်ရွာက သိပ်မဝေးလှဘူး။ သူတို့လူတွေသေပြီး အဲဒီနေ့ညပိုင်းကတည်းက ကျွဲရဲဘက်ကို လက်နက်ကြီးတွေနဲ့ပစ်တော့တာပဲ။ အဲဒီမှာ ဘာမှမဆိုင်တဲ့ ပြည်သူတွေလည်း ထွက်ပြေးကြရတာ။ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေတော့ မကြားမိသေးဘူးဗျ။ ထွက်ပြေးကြရတဲ့ ပြည်သူတွေကလည်း အရေအတွက်များတော့ ကျနော်တို့ဘက်က မသိသေးတာလည်း ဖြစ်နိုင်တာပေါ့ဗျာ” လို့ DVB ကို ပြောပါတယ်။

ထွက်ပြေးလာကြတဲ့ ပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေမှာ ယာယီတဲတွေထိုးပြီး နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ငလျင်ဒဏ်ကို ဆိုးဆိုးရွားရွား ခံစားခဲ့ရတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်တာမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေ၊ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာတွေနဲ့ လက်နက်ကြီးပစ်တာတွေ တောက်လျှောက်ပြုလုပ်နေတာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာချက်အပေါ်မှာ မယုံကြည်ကြဘဲ သတိဝီရိယနဲ့ နေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013