Home
မြန်မာသတင်း
ဆင်ပေါင်ဝဲတွင် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ၊ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၈ ဦးသေဆုံး
DVB
·
April 28, 2025
Photo: PNWD PDF

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်မှာ ဧပြီ ၂၃ ရက်က စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီး ၁ ယောက် အပါအဝင် ၈ ယောက် သေဆုံးတယ်လို့ ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးအဖွဲ့ - တောင်တွင်းကြီး (PNWD PDF) က ဧပြီ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဆင်ပေါင်ဝဲမြို့နယ်ထဲက ဓနုံးမြှောင်ရွာနားက ဂိတ်မှာ တပ်စွဲနေတဲ့အထဲက အင်အား ၁၆ ယောက်ပါ ဗိုလ်ကြီးဖြိုးမောင် ဦးဆောင်တဲ့အဖွဲ့ စစ်ကြောင်းထိုးဖို့ ကားနဲ့ထွက်လာစဉ် သတင်းရတာကြောင့် ညနေ ၄ နာရီလောက် ဝါးစေ့မြှောင်ဂိတ်နားအရောက်မှာ စောင့်ကြိုပစ်ခတ်ခဲ့တာပါလို့ PNWD PDF ရဲ့ တာဝန်ခံ ရဲဘော်ဗိုလ်ထိန်က DVB ကို ပြောပါတယ်။

“အဲဒီစစ်ကြောင်းက ထွက်လာတာကို စောင့်ကြိုပစ်ခတ်တဲ့အခါမှာ သူတို့ဘက်က ၈ ယောက် သေတာ မျက်မြင်တွေ့ခဲ့တယ်။ ဒဏ်ရာရသူတွေလည်း ရှိတယ်။ ​၇ ယောက် ၈ ယောက်လောက်က ကားပေါ်ကနေ ဆင်းပြေးကုန်တယ်။ ကျနော်တို့ တိုက်ခိုက်တဲ့နေရာနားမှာကလည်း ခွေးတွေ တပ်စွဲနေတဲ့ ဝါးစေ့မြှောင်ဂိတ် ရှိတယ်။ ကျနော်တို့ ပစ်သံခတ်သံ ကြားတော့ အဲဒီဂိတ်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာရှိတယ်။ အဲဒါကြောင့်မို့လို့ ဘာလက်နက်မှ မကောက်နိုင်ဘဲ ပြန်ဆုတ်လာကြတာ။ သေတဲ့အလောင်းတွေနဲ့ ဒဏ်ရာရတဲ့ကောင်တွေကို နောက်နေ့မနက်မှ ဓနုံးမြှောင်ရွာဘက်က ပြည်သူပိုင်ကားကို ချောဆွဲပြီး လာကောက်သွားကြတယ်။ တညလုံး သွေးထွက်လွန်ပြီး သေတဲ့အရေအတွက် တိုးနိုင်တယ်” လို့ ပြောပါတယ်။ 

ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ စစ်ဆင်ရေးအရှိန်မြှင့်တင်နေတဲ့အတွက် စစ်ကောင်စီ လက်အောက်ခံတွေအပြင် ဂိတ်စခန်းတွေကို ရှောင်ရှားနေထိုင်ကြဖို့နဲ့ ခရီးသွားကြတဲ့အခါမှာလည်း စစ်ကောင်စီယာဥ်တန်းတွေနဲ့ နီးနီးကပ်ကပ် မောင်းနှင်တာတွေ မပြုလုပ်ကြဖို့ ပြည်သူတွေကို မေတ္တာရပ်ခံလိုတယ်လို့ ဆိုပါတယ်။

အဆိုပါပစ်ခတ်မှုကို ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးအဖွဲ့ - တောင်တွင်းကြီးနဲ့အတူ သရက်ခရိုင် အမှတ် ၁ တပ်ရင်း၊ သရက်ခရိုင် အမှတ် ၅ တပ်ရင်း၊ Viper King Column အဖွဲ့၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးအဖွဲ့ (တောင်တွင်းကြီး) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

အဆိုပါစစ်ကြောင်း တိုက်ခိုက်ခံရတာကြောင့် သေဆုံး ဒဏ်ရာရမှုအခြေအနေကို စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သလို DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးအဖွဲ့ - တောင်တွင်းကြီးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကလည်း ဆင်ပေါင်ဝဲမြို့နယ်၊ ကျောသာကျေးရွာနဲ့ သပြေစမ်းကျေးရွာကြားမှာ ဆပ်ကြေးကောက်ပြီးပြန်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စောင့်ကြိုတိုက်ခိုက်ခဲ့ကြသေးလို့ ရဲတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ လက်နက်ယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ကြသေးတယ်လို့ အဲဒီတပ်ဖွဲ့ရဲ့တာဝန်ခံဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013