Home
အားကစား
လီဗာပူးအသင်း ပရီးမီးယားလိဂ် အကြိမ် ၂၀ မြောက် ချန်ပီယံအဖြစ် အောင်ပွဲခံ
DVB
·
April 28, 2025
Photo: REUTERS/Phil Noble

လီဗာပူးအသင်းဟာ မနေ့ညက အိမ်ကွင်းမှာ  စပါးအသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ယူပြီး အကြိမ် ၂၀ မြောက် ပရီးမီးယားလိဂ် အမှတ်ပေးဖလား ချန်ပီယံအဖြစ် အောင်ပွဲခံခဲ့ပါတယ်။  

လီဗာပူးအသင်း အခုနှစ်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်သွားပြီးနောက် နည်းပြဟောင်း ယာဂန်ကလော့ပ်ကို လက်ရှိ နည်းပြစလော့က ကျေးဇူးတင်စကားဆိုသွားပါတယ်။

ဂျာမန်နည်းပြ ကလော့ပ်ဟာ မနှစ်ကရာသီက အသင်းနဲ့ လမ်းခွဲခဲ့ပြီး နည်းပြသစ် အာနဲစလော့ကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးရင်း အာနဲစလော့ ဆိုတဲ့အမည်ကို ပရိသတ်တွေနဲ့အတူ သီချင်းလုပ်ပြီး သီဆိုပေးခဲ့တာပါ။

အခုနှစ်ရာသီအတွင်းမှာ နည်းပြ ယာဂန်ကလော့ပ်နဲ့ ဖုန်းဆက်စကားပြောဆိုမှုတွေ အများကြီးရှိပြီး စပါးနဲ့ပွဲစဉ်အပြီးမှာ မိမိရဲ့ ဖုန်းကို ကိုင်ကြည့်လိုက်မယ်ဆိုရင် နည်းပြကလော့ပ်ရဲ့ ဂုဏ်ယူကြောင်း စာတိုတွေ တွေ့ရမှာသေချာကြောင်း နည်းပြစလော့က ပြောပါတယ်။

အရေးကြီးဆုံးအချက်က ပရီးမီးယားလိဂ်ဆုဖလား ရယူနိုင်မယ့် လူစာရင်းကို နည်းပြကလော့ပ်က ချန်ထားခဲ့တာဖြစ်ပြီး ကလော့ပ်နဲ့  လက်ထောက်နည်းပြ ပတ်လိုင်ဒါစ်တို့ဟာ အသင်းရဲ့ကောင်းမွန်တဲ့ ဓလေ့စရိုက်၊ လုပ်အားနှုန်းနဲ့ အရည်အသွေးတွေ ချန်ခဲ့တာက အလွန်ထူးချွန်စရာဖြစ်ကြောင်း နည်းပြ စလော့ပ်က ချီးကျူးသွားပါတယ်။

မနေ့ညကပွဲစဉ်မှာ တဂိုး သွင်းပေးခဲ့တဲ့ မိုဟာမတ်ဆာလာကတော့ လီဗာပူးအသင်းအနေနဲ့ အခုနှစ်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တာက ၂၀၂၀ ပြည့်နှစ်က ချန်ပီယံဖြစ်ခဲ့တာထက်ပိုပြီး ထူးခြားကောင်းမွန်ကြောင်း  ပြောသွားပါတယ်။ 

လီဗာပူးအသင်းဟာ နည်းပြကလော့ပ်လက်ထက် ၂၀၂၀ ပြည့်နှစ်မှာ နောက်ဆုံးအကြိမ် ပရီးမီး ယားလိဂ်ချန်ပီယံဖြစ်ခဲ့ပြီး ၅ နှစ်အကြာ နည်းပြသစ်စလော့ လက်ထက်မှာ ပရီးမီးယားလိဂ်ချန်ပီယံ ဆုရယူနိုင်ခဲ့တာပါ။

အရင်တုန်းက ချန်ပီယံဖြစ်ခဲ့စဉ်ကထက် အခုနှစ်ရာသီမှာ ချန်ပီယံဖြစ်ခဲ့တာက  ပိုမိုကောင်းမွန်တယ်ဆိုတာ ရာနှုန်းပြည့်သေချာကြောင်း ဆာလာက ပြောပါတယ်။

နည်းပြကလော့ပ် အပါအဝင် မာနေး၊ ဖေမီနိုတို့လည်း မရှိတော့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံဖြစ်ခဲ့တာကြောင့် အရင်ကထက်ပိုပြီး ထူးခြားတယ်ဆိုတာ လီဗာပူးအသင်းသား အားလုံး လက်ခံထားကြောင်း ဆာလာက ပြောသွားပါတယ်။

လီဗာပူးအသင်းဟာ အမှတ်ပေးလိဂ် ချန်ပီယံ အကြိမ် ၂၀ ပြည့်မြောက်သွားပြီဖြစ်လို့ မန်ယူအသင်းနဲ့အတူ အမှတ်ပေး လိဂ်ချန်ပီယံအများဆုံးအသင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013