Home
မြန်မာသတင်း
ကျောက်ဖြူတွင် စစ်ကောင်စီက ဒရုန်းနှင့်ဗုံးကြဲသဖြင့် ကလေးအပါအဝင် အမျိုးသမီး ၃ ဦးသေ
DVB
·
April 26, 2025

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်နေပြီး ဧပြီ ၂၅ ရက် မနေ့က ကလေး ၁ ယောက်အပါအဝင် အမျိုးသမီး ၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လိပ်ခမော်ကျေးရွာကို ဧပြီ ၂၅ ရက်မှာ စစ်ကောင်စီက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် မိသားစုဝင် ၃ ယောက် သေဆုံးခဲ့ပြီး ကားတစီးနဲ့ ထော်လာဂျီတစီးလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ကျောက်ဖြူဒေသခံအမျိုးသားတယောက်က ပြောပါတယ်။

“မနေ့က မနက်ပိုင်း လိပ်ခမော်ကျေးရွာအနီးကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိသားစုဝင် ၃ ဦးသေဆုံးခဲ့ရတာရှိတယ်။ သူတို့က ရွာရဲ့ အနောက်ဘက်မှာ ပဲအိတ်တင်နေတုန်းမှာ စစ်ကောင်စီက ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်။ သေဆုံးသွားသူတွေကတော့ အကုန်လုံးမိန်းမတွေပဲ၊ ကလေးလည်းတဦးပါသွားတယ်။ အဓိကတော့ စစ်ကောင်စီက တိုက်ပွဲအရှုံးတွေကို ပြည်သူဘက်ကို ဦးတည်ပြီး ရှုံးမဲ မဲလာတဲ့ သဘောပဲ” လို့ပြောပါတယ်။

သေဆုံးသွားတွေဟာ လိပ်ခမော်ရွာက အသက် ၄၇ နှစ်အရွယ် ဒေါ်သိန်းသိန်းအေး၊ ၃၉ နှစ်အရွယ် မချောစု နဲ့ သမီးဖြစ်သူ အသက် ၁၁ နှစ်အရွယ် မမေသဇင်ခိုင်တို့ဖြစ်ကြပြီး စစ်ကောင်စီက ဒရုန်းနဲ့ ၅ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဧပြီ ၂၄ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ် ရေနံတောင်ကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင် အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ပြီး ကျေးရွာသားတယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ကျောက်ဖြူမြို့နယ်က မလကျွန်း၊ ရဲတပ်ရင်း ၃၂ နဲ့ ဓညဝတီရေတပ်ဌာနချုပ်တို့နားမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားနေကြပြီး စစ်ကောင်စီက စစ်ရေးပစ်မှတ်တွေအပြင် အရပ်သားပစ်မှတ်တွေကိုပါ တိုက်ခိုက်လာတာလည်းဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013