
တနင်္သာရီတိုင်း၊မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ၊ဘန်းလမွတ်ကျေးရွာမှာ ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းက အရပ်သားတွေကို ဖမ်းဆီးနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီရှိတဲ့ နေရာတွေမှာ ဒရုန်းနဲ့ လိုက်လံဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ဧပြီ ၂၄ ရက်နေ့ မနက် ၁၀ ဝန်းကျင်လောက်မှာ ဘန်းလမွတ်ကျေးရွာက နေအိမ်တလုံးထဲ ဝင်ရောက်နေထိုင်နေကြတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီး ၂ လုံးကြဲခဲ့တယ်လို့ တောဗုံးကြီးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံဖြစ်သူက ပြောပါတယ်။
“အိမ်ရှေ့တံခါးမှာ သုံးပွင့်နဲ့ ဗိုလ်ကြီးတယောက်ထိုင်နေတာ ကျနော်တို့က အိမ်ရှေ့တည့်တည့်ကို ချတော့ အမြင့်ကနေ ဗုံးသီးချတာဆိုတော့ လေတိုက်ပြီးတော့ အိမ်ခေါင်မိုးပေါ်ကျသွားတယ်။ ဗုံးသီးက ၂ လုံးပဲ၊ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်နေတော့ တည်နေရာသိသွားမှာကြောင့် ပြန်ငြိမ်လိုက်ရတယ်။”
စစ်ကောင်စီဘက်က ထိခိုက်မှုနဲ့ပတ်သက်ပြီး မသိရသေးဘူးလို့ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။
အဆိုပါဘန်းလမွတ်ကျေးရွာထဲကို ရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဧပြီ ၂၃ ရက်နေ့ မနက်က ဘန်းလမွတ်ဒေသခံပြည်သူတချို့ကို ဖမ်းဆီးခဲ့ပြီး အဲ့ဒီနေ့ ညနေပိုင်းအချိန်လောက်မှာပဲ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
“သူတို့က တုံးဗျောရွာမှာနေကြတာ၊ ဘန်းလမွတ်ရွာကို ခဏလာတုန်း ဖမ်းခံရတယ်။ မိသားစုသုံးယောက်လိုတော့ ပြောတယ်။ ပြန်လွတ်လာပြီ၊ ခြိမ်းခြောက်ခံရတာတော့မကြားမိဘူး။”
စစ်ကောင်စီက ဧပြီ ၁၉ ရက်နေ့လောက်စပြီး ဇဝဲကနေ စစ်ကြောင်းထိုးလာကာ တနင်္သာရီကာားလမ်းပိုင်းတလျှောက်မှာ တပ်စွဲပြီး သွားလာလှုပ်ရှားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧပြီ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေမှာလည်း ရမ်းဖိုနဲ့ ဘန်းလမွတ်ကျေးရွာမှာ ရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေကနေ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။