
အစ္စရေးနိုင်ငံ အလယ်ပိုင်းမှာ တောမီးလောင်ကျွမ်းနေပြီး မီးတောက်တွေဟာ လေပြင်းတွေ၊ မြင့်မားတဲ့ အပူချိန်နဲ့အတူ ဂျေရုဆလင်မြို့ဝန်းကျင်ရှိ တောင်ကုန်းတွေဆီ တိုးဝင်လောင်ကျွမ်းနေတာကြောင့် ဧပြီ ၂၃ ရက်မှာ အစ္စရေး အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေဟာ တောမီးကို ငြှိမ်းသတ်နေကြပြီး ရပ်ရွာအသိုင်းအဝိုင်း အများအပြားကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းထားရပါတယ်။
အစ္စရေးအလယ်ပိုင်းရှိ မက်ဆီလတ် ဇီယွန် ရပ်ရွာအသိုင်းအဝိုင်းက ကလေးငယ်တွေကို ချီပိုးသယ်ဆောင်လာတဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံတွေ ထွက်ခွာခဲ့ကြပြီး ရပ်ရွာဂိတ်မှာလည်း ထွက်ခွာဖို့ ကြိုးပမ်းတဲ့သူတွေရဲ့ ကားတွေက တန်းစီပြီး ပြည့်ကျပ်နေပါတယ်။
အစ္စရေး မီးသတ်လေယာဉ်တွေဟာ မီးမလောင်အောင် သစ်တောဧရိယာတွေပေါ် ရေဖျန်းချပေးခဲ့ပြီး ရဲတပ်ဖွဲ့က အဓိကလမ်းတွေကို ပိတ်ဆို့လိုက်ကာ ယာဉ်မောင်းတွေကို မော်တော်ယာဉ်တွေ ထားခဲ့ဖို့ အမိန့်ပေးခဲ့ပါတယ်။
နေအိမ်တချို့ မီးလောင်ကျွမ်းခဲ့ပြီး မီးမပြန့်အောင် ညပိုင်းအထိ ဆက်လက်ကြိုးပမ်းရမယ်လို့ အစ္စရေး မီးသတ်နဲ့ ကယ်ဆယ်ရေး အာဏာပိုင်တွေက ပြောပါတယ်။
ရာသီဥတုကြောင့် နေ့လယ်မှာ မီးစလောင်တာဖြစ်ပြီး ရာသီဥတု ပူပြင်းပြီး လေပြင်းတွေ တိုက်နေကြောင်းနဲ့ မီးက ငြိမ်နေပေမဲ့ နိုင်ငံတဝန်းက ခရိုင်အားလုံးမှာ တပ်ဖွဲ့တွေ အများကြီး ရှိပါတယ်လို့ ထောက်လှမ်းရေးနဲ့ မီးသတ်အကြီးအကဲ ယော့စီ ဒယ်လာကိုက ပြောပါတယ်။
အခု တောမီးလောင်မှုမှာ သေဆုံး၊ ဒဏ်ရာရသူ တယောက်မှ မရှိကြောင်းနဲ့ အားလုံး အဆင်ပြေကြောင်းလည်း ဆိုပါတယ်။
လေယာဉ်ပျံမှာလည်း အမြင့်ကနေ အလုပ်လုပ်နေပြီး ဘယ်အိမ်မှ မီးထဲရောက်ဖို့မရှိကြောင်းနဲ့ ညဘက်အထိ အလုပ်လုပ်ဖို့ အဆင်သင့်ပဲလို့လည်း ပြောဆိုပါတယ်။
ယာဉ်ကြောအသွားအလာအတွက် လမ်းအများအပြားကို ပိတ်ဆို့ခဲ့ပေမဲ့ နာရီအနည်းငယ် အကြာမှာတော့ အဝေးပြေးလမ်းတွေကို ဖွင့်လှစ်ခဲ့ကြောင်း အစ္စရေးမီဒီယာက ဖော်ပြခဲ့ပါတယ်။
၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ မီးသတ်ကွပ်ကဲမှုစင်တာမှာ မီးသတ်နဲ့ လုံခြုံရေး အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပြီး လိုအပ်လာရင် ဂရိနိုင်ငံနဲ့ တခြားနိုင်ငံတွေဆီက အကူအညီတွေ တောင်းခံဖို့အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်ထားဖို့ ညွှန်ကြားခဲ့ပါတယ်။
Source : Reuters