
ငလျင်သေစာရင်း၊ လျှော့ပြခြင်းမှာ
ဖျောက်ခြင်းတမျိုး၊ အကျင့်ဆိုးပင်
လုပ်ရိုးလုပ်စဉ် ဖြစ်နေတကား။ ။
အိုးဘိုထောင်မှာ ငလျင်ကြောင့် နိုင်ငံရေးအကျဉ်းသား အယောက် ၂၀ အပါအဝင် အကျဉ်းသားပေါင်း ၃၀ ကျော် သေဆုံးခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်က ဒီသတင်းကို မထုတ်ပြန်ပါ။ နိုင်ငံရေးအကျဉ်းသားအဖွဲ့ ၇ ဖွဲ့ပေါင်းပြီး ဒီသတင်းကို ဧပြီ ၂၀ က ထုတ်ပြန်တယ်။ စစ်တပ်က အမှောင်ချထားတယ်။ နိုင်ကျဉ်းအဖွဲ့တွေက မီးမောင်းထိုးပြတယ်။ စစ်တပ်က ငလျင် အလောင်း ၃၀ ကျော် ဖျောက်တယ်။ နိုင်ကျဉ်း ၇ ဖွဲ့က အလောင်း ၃၀ ကျော် ဖော်လိုက်တယ်။
သမိုင်းတလျှောက်
စာရင်းဖျောက်သည်
အံ့လောက်ပါသော တပ်မတော်။ ။
ကျနော့်ရဲ့ DVB သတင်းထောက် သက်တမ်း ၃၃ နှစ် သတင်းလိုက်ခဲ့တဲ့ အတွေ့အကြုံအရ တကယ်တော့ စစ်တပ်က အလောင်းဖျောက်တာ အခုမှ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၈ နှစ် အင်းဒင်ရွာ လူသတ်မှုမှာ ၁၀ လောင်း ဖျောက်ခဲ့ဖူးတယ်။ အလားတူပဲ လွန်ခဲ့တဲ့ ၈ နှစ်က သင်္ကြန်တွင်းမှာ သေဆုံးခဲ့တဲ့ အလောင်း ၄၆၅ လောင်းကိုတောင်မှ ဖျောက်ပစ်ခဲ့ဖူးတယ်။ သမိုင်းတလျှောက် အလောင်းဖျောက်ခဲ့တာ စစ်တပ်အဖို့ ရိုးနေပါပြီ။ ၃၇ နှစ် ကြာခဲ့ပြီဖြစ်တဲ့ ၈၈၈၈ အရေးတော်ကြီးမှာ စစ်အာဏာရှင်တွေက ရဟန်း ရှင် လူ ပြည်သူတွေကို ပစ်သတ် ရိုက်သတ်ပြီး အလောင်းတွေ ဖျောက်ခဲ့ပါတယ်။ ဒါတင်ပဲလား၊ မဟုတ်သေးပါ။ လွန်ခဲ့တဲ့ ၅၁ နှစ် ဦးသန့် အရေးအခင်းတုန်းကလည်း စစ်တပ်က ပစ်သတ်ပြီး ကျောင်းသား ပြည်သူ အလောင်းတွေ ဖျောက်ခဲ့တယ်။ ၆၃ နှစ်အကြာ ဇူလိုင် ၇ ရက်ကလည်း ရန်ကုန်တက္ကသိုလ်ထဲမှာ ကျောင်းသားတွေကို ပစ်သတ်ပြီး ရာနဲ့ချီတဲ့ အလောင်းတွေ ဖျောက်ခဲ့တယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတုန်းကဆို ရဟန်း သံဃာ အလောင်းတွေတောင်မှ ဖျောက်ပစ်ခဲ့တာပ။ ၂၀၀၈ နာဂစ်တုန်းကရော၊ သဘာဝဘေး အဆက်ဆက်မှာရော ဒီလိုပဲ လိမ်တာ ညာတာ စာရင်းဖျောက်တာပါပဲ။ အခု ၂၀၂၁ အာဏာသိမ်းပြီး ၄ နှစ်အတွင်းဆို ပိုဆိုသေးပါတယ်။ နေရာတိုင်းမှာသတ်။ နေရာတိုင်းမှာ အလောင်းတွေ ဖျောက်တာပါ။ အလောင်းဖျောက် စစ်တပ်။ စစ်တပ် အလောင်းဖျောက်ခြင်း။ အခုကျတော့ အဆိုးဆုံးအဆင့် မလုပ်သင့် မလုပ်ထိုက် “ငလျင် စစ်တပ်အလောင်းဖျောက်ခြင်း” အထိ မိုက်လာနေပါပြီဗျာ။
အိုးဘိုထောင် ငလျင်သေစာရင်း
ငလျင်ကြောင့် အိုးဘိုမှာ အကျဉ်းသား ၃၀ ကျော် သေဆုံးတာကို စစ်ကောင်စီက သတင်းဖုံးထားတာပါ။ ငလျင်ကြောင့် မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်တွင်း အဆောက်အအုံတွေ ပြိုကျခဲ့တာရှိသလို နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား ၃၀ ကျော် သေဆုံးခဲ့ရတဲ့ သတင်းကို စစ်ကောင်စီနဲ့ အကျဉ်းဦးစီးဘက်က သတင်းမှောင်ချထားတယ်လို့ နိုင်ကျဉ်းတွေကို ကူညီနေတဲ့ အဖွဲ့တွေဆီက သိရပါတယ်။ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် အိုးဘိုအကျဉ်းထောင်က အိုဟောင်းနေတဲ့ အဆောက်အအုံတွေ ပြိုကျခဲ့သလို နိုင်ကျဉ်းတွေ အပါအဝင် အကျဉ်းသူ အကျဉ်းသား ၃၀ ထက်မနည်း သေဆုံးခဲ့ပြီး ၂၈၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပါ။ ဒီသတင်းတွေကိုတော့ ငလျင်လှုပ်ခတ်ပြီး တလနီးပါး ကြာလာချိန်အထိ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသလို အကျဉ်းဦးစီးဌာနဘက်ကလည်း သတင်းဖုံးကွယ်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီနေတဲ့ အဖွဲ့ ၇ ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ လက်ရှိ သတင်းရရှိထားသလောက်က နိုင်ငံရေးအကျဉ်းသား ၁၀ ဦးနဲ့ နိုင်ငံရေးအကျဉ်းသူ ၁၀ ဦးကျော် အပါအဝင် စုစုပေါင်း အကျဉ်းသား ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ၇ ဖွဲ့က ထုတ်ပြန်ထားတာပါ။ သေဆုံး နိုင်ကျဉ်းတွေရဲ့ မိသားစုတွေကို အသိပေးဖို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့တွေကို ထောင်တွေထဲ ဝင်ခွင့်ပေးဖို့၊ ငလျင်ကြောင့် ပျက်စီးသွားတဲ့ ထောင်တွင်းအဆောင်တွေကို စိတ်ချရအောင် ပြင်ဆင်ပြီးမှ အကျဉ်းသားတွေကို ထားဖို့လည်း ၇ ဖွဲ့က တောင်းဆိုလိုက်တာပါ။ ဒါက အိုးဘိုတထောင်ပဲ ရှိပါသေးတယ်။ စစ်ကိုင်း၊ နေပြည်တော်၊ မကွေး စတဲ့ တခြားထောင်တွေမှာရော ငလျင်ကြောင့် အကျဉ်းသား ဘယ်လောက် အသက်ဆုံးရှုံးသလဲ။ နေပြည်တော်က ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် သမ္မတကြီး ဦးဝင်းမြင့်တို့ရော ဘယ်လိုလဲ။ စစ်တပ်က နှုတ်ဆိတ်လျက်သားပါပဲ။
အင်းဒင်ရွာ ၁၀ လောင်းဖျောက်မှု ၄ လကြာမှ စစ်တပ်ဝန်ခံ
၂၀၁၇ ခုနှစ် စက်တင်ဘာ ၁ ရက်က ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ရွာမှာ လူ ၁၀ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့တယ်။ ဒါကို စစ်တပ်က အလောင်းဖျောက်ထားခဲ့တယ်။ ၄ လနဲ့ ၁၀ ရက်ကြာကျမှ ဖွက်ထားလို့ မရတဲ့အဆုံး စစ်တပ်က အဲဒီ ၁၀ ဦးကို သတ်ဖြတ်ခဲ့ပါတယ်လို့ ထုတ်ပြန် ဝန်ခံလိုက်ပါတယ်။ ဒါတောင်မှ ရိုက်တာသတင်းဌာနက သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့က ထောင် ၇ နှစ် အကျခံ အနှိပ်စက် အရိုက်အနှက်ခံပြီး ဖော်ထုတ်ခဲ့လို့ ၁၀ လောင်း ပေါ်သွားခဲ့တာလေ။ ဒီလိုမှမဟုတ်ရင် ၁၀ လောင်းဟာ တသက်လုံး ပျောက်သွားမှာပေါ့။ အဲသည်တုန်းက ရခိုင်မှာ ၁၀ လောင်းတည်း ဖျောက်တာ။ အခုက အိုးဘိုထောင်က ငလျင်သင့် အလောင်း ၃၀ ကျော် ဖျောက်တာ။ ပြီးတော့ အိုးဘိုတင်မက တနိုင်ငံလုံးက ငလျင်သင့် သေဆုံး အကျဉ်းသားစာရင်း နောက်ထပ် ဘယ်လောက် ဖျောက်ထားသေးသလဲ ဆိုတာလည်း ဖော်သူရှိမှ သိရမည့်အခြေ။ ဘာပဲဖြစ်ဖြစ် အင်းဒင်ဖျောက် ၁၀ လောင်း ဖော်ကောင်တွေက ကိုဝလုံးတို့ ၂ ဦးနဲ့ ရိုက်တာ သတင်းဌာန။
ဖော်ကောင် ဟင်နရီဗန်ထီးယူ
၂၀၁၈ သင်္ကြန်တွင်း ၅ ရက်မှာ လူ ၄၉၅ ဦး သေတယ်။ စစ်တပ်က ကြေညာတော့ သင်္ကြန်ကာလ တလျှောက်လုံး ၃၀ သာ သေသတဲ့။ မြန်မာပြည် ရဲတပ်ဖွဲ့က နှစ်ဆန်း ၂ ရက်မှာ ကြေညာချက်ကို ပြန်ကြည့်။ ၃၀ တည်း။ တကယ်သေတာက ၄၉၅ လောင်းဆိုတော့ ၄၆၅ လောင်းကို ဖျောက်ထားတာများဗျာ။ ဘယ်အချိန်ကျမှ ဒီအမှုပေါ်သလဲ။ သိလား။ နောက်တနှစ်ကြာမှ ပေါ်သဗျာ။
ကျနော်က သတင်းလိုက်တော့ ရန်ကုန်ဆေးရုံကြီးမှာတင် အလောင်း ၅၀ ကျော်၊ မန္တလေးဆေးရုံကြီးကလည်း ၅၀ ကျော်၊ မြဝတီ မော်လမြိုင် ချောက် တာချီလိတ် ရေနံချောင်း စသဖြင့် တပြည်လုံး သတင်းတွေ စုလိုက်တော့ သင်္ကြန်တွင်း အသေ ၃၀၀ တော်တော်ကျော်ပြီ။ ဒါကြောင့် ၃၀၀ ကျော် ထုတ်ပြန်ချင်တယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့ အတည်ပြုချက်ကိုပဲ ထုတ်ပါဆိုတော့ ရဲတပ်ဖွဲ့က အတည်ပြုထားတဲ့ ၃၀ ဦး အသေစာရင်းပဲ အတည်ပြုလိုက်ရပါတယ်။
၂၀၁၉ ခုနှစ်ကျမှ သင်္ကြန်အကြို (သင်္ကြန်တွင်း လူအသေအပျောက် ထိခိုက်မှုနည်းရေးအတွက်) ကော်မတီဥက္ကဋ္ဌ ဦးဟင်နရီဗန်ထီးယူက အစည်းအဝေးလုပ်တယ်။ အစည်းအဝေးမှာ “မနှစ်က ၂၀၁၈ သင်္ကြန် ၅ ရက်မှာ လူ ၄၉၅ ဦး သေဆုံးခဲ့ရတယ်။ ဒီနှစ် လူသေနည်းပါးရေး ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်ကြဖို့” ဆိုပြီးတော့ ဦးဟင်နရီဗန်ထီးယူက ပြောကြားတယ်။ သူ့ပြောကြားချက်က သတင်းစာတွေမှာ ပါလာတော့ ဖတ်ရတယ်။ ၂၀၁၈ သေ ၄၉၅ ဦးက ၂၀၁၉ သင်္ကြန်ကျမှ အမှန်သိရတယ်။ တကယ်သေတာ ၄၉၅၊ ရဲက ထုတ်ပြန်တာ ၃၀၊ ဆိုတော့ ၄၆၅ လောင်း ဖျောက်ထားတာပေါ့။ တနှစ်တောင်မှ ကြာအောင် ၄၆၅ လောင်းကို ဖျောက်နိုင်ပါ့။ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ဖော်ပေလို့ပါ့။
ခေတ်တလျှောက် ဘယ်လောက် ဖျောက်ခဲ့သလဲ
စစ်အာဏာရှင်လက်အောက် ဘယ်လောက်များ အလောင်းတွေ ဖျောက်ခဲ့သလဲ။ ၁၉၆၂ ခုနှစ် 7 July အရေးတော်ပုံမှာ ကျောင်းသားတွေကို ရန်ကုန်တက္ကသိုလ်ထဲမှာ ပစ်သတ်ပြီး ကားတွေနဲ့ တင်ယူသွားခဲ့တယ်။ မှော်ဘီဘက်မှာ ကျင်းကြီးတွေတူးပြီး မြှုပ်ပစ်ခဲ့တယ်။ ကိုယ်တွေ့ ကြုံသူတွေရဲ့ ပြောပြချက်တွေပါ။ ကျောင်းသားအလောင်း ၂၀၀ လောက် ဖျောက်ခဲ့တယ်။
၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်ည ဦးသန့်အရေးတော်ပုံမှာလည်း ဦးသန့်အုတ်ဂူမှာ ဝိုင်းထားတဲ့ ကျောင်းသားတွေကို ပစ်သတ်တယ်။ ရန်ကုန်တက္ကသိုလ်ထဲက တခြားကျောင်းသားတွေကို စစ်တပ်က ပစ်သတ်တယ်။ ပြီးတော့ ကားတွေနဲ့ တင်ယူသွားပြီး ရာနဲ့ချီတဲ့ အလောင်းတွေ ဖျောက်ပစ်လိုက်ကြတယ်။
၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံမှာလည်း ရန်ကုန်၊ မန္တလေး စသဖြင့် တနိုင်ငံလုံးမှာ ပစ်ခတ် သတ်ဖြတ်ပြီး အလောင်း ရာထောင်ချီ ဖျောက်ပစ်ခဲ့တာပါ။ အလောင်းတွေ မြှုပ်ခါနီး မသေလို့ ထွက်ပြေးလာခဲ့တဲ့ မျက်မြင်သက်သေတွေက ပြန်ပြောပြခဲ့ကြတာပါ။
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် သံဃာ့တော်လှန်ရေးမှာလည်း အလားတူ အလောင်းဖျောက်ခဲ့တာပါ။ သံဃာတော်တွေရဲ့ ရုပ်ကလပ်တွေကို ဖျောက်ဖျက်လိုက်ကြတာမို့ အဆိုးတကာ့ အဆိုးဆုံးပေါ့။ လမ်းတွေပေါ်မှာ ပစ်သတ်တယ်။ ညဘက် စာသင်တိုက်တွေကို ဝင်စီးပြီး ပစ်သတ်တယ်၊ ပြီးတော့ နည်းမျိုးစုံနဲ့ အလောင်းတွေ ဖျောက်ပစ်ခဲ့တာပါပဲ။
သေလျက်နဲ့ သေစာရင်းထုတ်ရမှာ ကြောက်သူများ
ကိုဗစ် ၁၉ ရောဂါတွေ ကူးစက်ကြတုန်းက ပဲခူး ပြည်သူ့ဆေးရုံကြီးမှာ တယောက်သေတယ်။ ဆေးရုံဆရာဝန်ကြီးကို အင်တာဗျူးလုပ်တော့ ကိုဗစ်နဲ့ သေတာမဟုတ်ဘူး။ တီဘီနဲ့ သေတာလို့ ဖြေပါတယ်။ ကျနော်တို့က သတင်းထောက်အနေနဲ့ မေးတယ်။ ကိုဗစ်ဖြစ်လို့ ဒီလူက ဆေးလာကုနေတာ။ သေတော့ ဘာကြောင့် တီဘီဖြစ်သွားသလဲပေါ့။ ဆရာဝန်ကြီးပြန်ပြောတာက “ဒီလူမှာ တီဘီလည်း ဖြစ်နေတယ်။ အခုမှ ကိုဗစ်ဖြစ်ပြီး ဆေးရုံလာတက်တယ်။ ရောဂါ ၂ မျိုးစလုံး ရှိနေတယ်။ ဆေးရုံကတော့ တီဘီကြောင့်လို့ပဲ ဆုံးဖြတ်တယ်။ ကိုဗစ်နဲ့ သေတယ်လို့ မယူဘူးတဲ့။” ကြည့် သူတို့ဆီမှာ သေသူတဦးတိုးမှာကို ကြောက်တာလေ။ ကိုဗစ်နဲ့ သေသူတဦး စာရင်းဖျောက်တာ။
ရဲမှူးတဦးကိုလည်း မေးဖူးတယ်။ သင်္ကြန်မှာ လူသေတာ ၄၀၀ ကျော်မယ်။ ခင်ဗျားတို့ ရဲက ဘာလို့ ၃၀ ပဲ သတ်မှတ်တာလဲ ဆိုတော့ သူဖြေတာက။ “ရေပက်ရင်း သေသွားရင် သင်္ကြန် အသေလို့ သတ်မှတ်မယ်။ ရေပက်ရင်းက ရန်စောင်ကြပြီး ပန်းခြံမှာ သွားရန်ဖြစ်လို့ သေရင်တော့ သင်္ကြန်အသေလို့ မသတ်မှတ်ဘူး” တဲ့။ လမ်းမှာ ကားမှောက်သေရင်လည်း သင်္ကြန်အသေလို့ မသတ်မှတ်ဘူးတဲ့။ အလောင်းဖျောက်ပုံများဗျာ။
စစ်သားအလောင်းတွေ ဖျောက်ထားခြင်း
ရှေ့တန်းထွက် တိုက်ပွဲကျသွားတဲ့ စစ်သားကို တပ်ရင်းမှူးက အသေစာရင်း မသွင်းဘူး၊ တပ်ရင်းအင်အားစာရင်းထဲမှာ ရှိဆဲပဲ။ သူ့လစာ သူ့ရိက္ခာနဲ့ သူ့ရပိုင်ခွင့်တွေကို တပ်ရင်းမှူးက ထုတ်စားနေမြဲ။ စစ်သားအလောင်း ဖျောက်တာပေါ့။ တပ်သား ၂၀ တိုက်ပွဲကျထားလည်း အသေစာရင်းမှာ မရှိသေး။ စစ်သား ၂၀ အလောင်းဖျောက်တာလေ။ နောက်ဆုံး တိုက်ပွဲကျထားတဲ့ တပ်ကြပ်ကြီးက တပ်ရင်းဆွမ်းကျွေးမှာ ဝင်ပူးပြီး သူသေတာ တနှစ်ရှိပြီ၊ သူ့ကို ဆွမ်းသွပ်ပေးကြပါလို့ ပြောတော့မှ အလောင်းဖျောက်ထားတာ ပေါ်ရတာ။ အဲဒါက စစ်ကောင်စီ တပ်ရင်းတိုင်းမှာ ဖြစ်နေတဲ့ အခြေအနေပဲ။ အခု ငလျင် မတ် ၂၈ လှုပ်တော့ ၂၇ ရက် နေပြည်တော် စစ်ရေးပြမှာပါတဲ့ တပ်သား ၅,၀၀၀ ထဲက တော်တော်များများ နေပြည်တော်မှာပဲ သေကုန်ကြတယ်။ အဲဒါတွေ ဘယ်မှာမှ စာရင်းမရှိဘူး။ ဖျောက်ထားတာ ငလျင်သေဆုံး စစ်သားအလောင်းတွေကို။
ငလျင်သေဆုံးစာရင်းများ စစ်ကောင်စီက ဖျောက်ထား
အိုးဘိုထောင်က လူ ၃၀ အပါအဝင် ထောင်တွေက ငလျင်ကြောင့်သေတဲ့ စာရင်းတွေ ဖျောက်ထားတယ်။ နေပြည်တော် စစ်ရေးပြလာတဲ့ စစ်သားတွေ ငလျင်ကြောင့် အသက်ဆုံးသတင်း ဖွက်ထားတယ်။ နေပြည်တော် အပါအဝင် မန္တလေး စစ်ကိုင်း မကွေး ရှမ်းပြည်တို့မှာ ငလျင်ကြောင့် ကွယ်လွန်တဲ့ စစ်အရာရှိကြီးတွေရဲ့ စာရင်းတွေ ထိပ်တန်းလျှို့ဝှက်ထားတယ်။ အင်အားပြင်းငလျင်ကြောင့် ဧပြီလ ၂၂ ရက်နေ့အထိ သေဆုံးသူ စုစုပေါင်း ၄,၄၂၆ ဦး ရှိလာပြီလို့ ကြေညာထားပါတယ်။ ဒါပေမဲ့ အဲသည်စာရင်းထဲမှာ ထောင်အသီးသီးက ငလျင်ကြောင့် သေဆုံးသူတွေ ပါပြီးပြီလား။ ငလျင်ကြောင့် ကျဆုံးတဲ့ စစ်အရာရှိကြီးတွေနဲ့ စစ်သားတွေရဲ့ စာရင်းတွေ တခြားစာရင်းတွေ ပါပြီလား ဆိုတာတော့ မသေချာပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငလျင်စစ်တပ် အလောင်းဖျောက်ထားလို့ပါ။ ။