Home
ဆောင်းပါး
စုရှစ်ဆယ်နှင့် ငလျင်သဘာဝဘေး
မောင်တူး
·
April 16, 2025

ငလျင်စစ်ကိုင်း၊ ပြင်းထန်ရိုင်းလို့

အိမ်တိုင်းပြိုသော်၊ နေပြည်တော်နေ

တို့အမေသည်၊ အခြေဘယ်သို့ရှိသနည်း။ ။

အမေစုသာ အုပ်ချုပ်စီမံခွင့်ရပါက အခု ငလျင်ဘေးကို ကောင်းကောင်း ကယ်တင်သွားနိုင်လိမ့်မယ်လို့ ပြောဆိုသံတွေ ကြားလာနေရပါတယ်။ အမေစုကလည်း ချီးမွမ်းရလောက်အောင်ပင် ကိုဗစ်-၁၉ ကပ်ရောဂါကြီး ကူးစက် ဖြစ်ပွားချိန်က အစိုးရ ခေါင်းဆောင်အနေနဲ့ လုပ်ပြခဲ့တာ မြန်မာပြည်သူ ပြည်သားတွေ သတိရနေကြဦးမှာပါ။ ကိုဗစ်ရောဂါ သတင်းတွေကို NLD အစိုးရက မှန်မှန် မြန်မြန် ထုတ်ပြန်ခဲ့တယ်။ အကူအညီတွေကို အစွမ်းကုန် ပေးခဲ့တယ်။ ဒါက အားလုံးသိပြီးသား။

အခု အာဏာသိမ်း စစ်ကောင်စီ မအလနဲ့ အမေစုက ပြောင်းပြန်။ အမေစုက သဘာဝဘေးကယ်ဖို့ ရဟတ်ယာဉ် ဝယ်ခဲ့တယ်။ ပြည်သူကို ကူဖို့ပါ။ မအလကတော့ ရဟတ်ယာဉ် ဝယ်ခဲ့စဉ်က လာဘ်စားတယ် ဆိုပြီး အမေစုကို ထောင်နှစ်ရှည်ချတယ်။ အခု သဘာဝဘေးလည်း ဖြစ်ရော ငလျင်ဒုက္ခသည်တွေကို အဲဒီ ရဟတ်ယာဉ်နဲ့ မကယ်ဘူး။ ဒါပေမဲ့ အဲဒီ ရဟတ်ယာဉ်ကို သုံးပြီးတော့ ပြည်သူကိုတော့ လိုက်လံ ပစ်ခတ် သတ်ဖြတ်နေတယ်။ ပြောင်းပြန်။

တကယ်ဆိုရင် ကပ်ရောဂါဘေး ကာလတွေမှာ နိုင်ငံအုပ်ချုပ်သူတွေဟာ သတင်းမှန်တွေကို နောက်မကျစေဘဲ ထုတ်ပြန်ပေးရမယ်။ NLD အမေစု လက်ထက်မှာဆို ပုံမှန်သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ထုတ်ပြန်ပေးတယ်။ ပြောခွင့်ရသူတွေကလည်း ဖုန်းဆက် မေးတိုင်း ဖြေတယ်။ အမေစု ကိုယ်တိုင်လည်း ဖေ့စ်ဘွတ်ခ်စာမျက်နှာ ဖွင့်ပြီး ပုံမှန် ရေးသားတယ်။ ပြောတယ်။ ပြန်ဖြေတယ်။ ဒီတော့ ပြည်သူတွေ ရှင်းရှင်းလင်းလင်း သိကြရတယ်။ ပွင့်လင်းမှုကြီးစွ။ ဒီတော့ သဘာဝဘေး လိုအပ်ချက်တွေကို မီဒီယာကတဆင့်သိပြီး နိုင်ငံတကာက လာလှူကြပြီပေါ့။ ဒီတော့ အမေစု လက်ထက် ကိုဗစ်-၁၉ ကပ်ဘေးကြီးမှာ အသေအပျောက် နည်းခဲ့တယ်။

အာဏာသိမ်း စစ်ကောင်စီ လက်ထက်မှာတော့ သတင်းစာရှင်းလင်းပွဲ မလုပ်တာ ဘယ်လောက် ကြာပြီလဲတောင် မမှတ်မိတော့ပါဘူး။ ပြောခွင့်ရသူတွေ ဖုန်းဆက်မေးတိုင်းလည်း ဖုန်းမကိုင်ပါ။ ဖုန်းကိုင်ရင်လည်း မသိဘူး၊ မဆိုင်ဘူး၊ အစည်းအဝေးထဲ ရောက်နေလို့ဆိုပြီး မဖြေပါဘူး။ သတင်းထောက်တွေကိုလည်း ဖမ်းထားတယ်။ သတင်းထောက်တွေကိုလည်း ခြိမ်းခြာက်နေတယ်။ စောင့်ကြည့်နေတယ်။ နိုင်ငံတကာ သတင်းထောက်တွေဆို အဝင်တောင် မခံဘူး။ လွတ်လပ်တဲ့ သတင်းမီဒီယာ မရှိ။ သတင်းမှန်တွေ မရတော့ ကူမယ့်သူတွေကလည်း ဘာမှ မသိရတော့ဘူးပေါ့။ မသေသင့်ဘဲ သေကြရတာတွေ ငလျင်ကပ်ဘေးမှာ ဖြစ်နေရပြီပေါ့။ ငလျင်သင့်ပြီး ရှင်ကျန်သူတွေမှာလည်း အကူအညီတွေ မရကြတော့ဘူးပေါ့။

အမေစုသာ အုပ်ချုပ်စီမံခွင့် ရပါက အခု ငလျင်ဘေးကို ကောင်းကောင်း ကယ်တင်သွားနိုင်လိမ့်မယ်လို့ ပြောဆိုသံတွေ ကြားလာနေရပါတယ်။ အမေစုက ငလျင်ကယ်တင်ရေးကို လုပ်ခွင့်ရဖို့ နေနေသာသာ အမေစုတောင် ဘယ်နားထားမှန်းက မသိ။ လက်ကျိုးတယ်တဲ့။ မဟုတ်ပြန်ဘူးတဲ့။ စန္ဒာမင်းတို့က ဒေါ်စုကို သွားတွေ့ပြီး ပါတီ မှတ်ပုံတင်ဖို့ ခွင့်သွားတောင်းတယ်တဲ့။ ဟုတ်လား၊ မဟုတ်လား မသေချာ။ မအလက တရုတ်သတင်းဌာနကို ဒေါ်စု ကျန်းမာရေးကောင်းကြောင်း ပြောသတဲ့။ မကြာခင် ရုံးထုတ်မယ်တဲ့။ ဘာမှ ရှင်းလင်းတာ မရှိဘူး။ ပရမ်းပတာသက်သက်ပဲ။ တကယ် ငလျင်ကယ်ဆယ်ရေးက အမေစုလို နားလည်သူက လုပ်ရမှာကို ဘယ်နားထားမှန်းတောင် မပြောတော့ ရှေ့နေနဲ့တောင် တွေ့ခွင့်မပေးတော့ ဘာမှ အကျိုးမရှိကြဘူးပေါ့။ ပရဟိတ အဖွဲ့တွေကိုလည်း လွတ်လပ်ခွင့်မပေး။ ပိတ်ပင်နေတော့ ကိုယ်လည်း မလုပ်နိုင်၊ လုပ်နိုင်သူတွေကိုလည်း ခွင့်မပြု။ အားမပေး။ မထောက်ပံ့တော့ ငလျင်ကယ်ဆယ်ရေး အောင်မြင်ရေးက မျှော်လေ ဝေးလေ ဖြစ်နေရတာ မဆန်းပါ။

အမေစု မြန်မာ့ ငလျင်ဘေးအတွက် ပြင်ဆင်ထားခဲ့တယ်

မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း အဆိုးဝါးဆုံးဖြစ်တဲ့ ငလျင်ဘေးဒဏ်ကို ကြုံတွေ့ ခံစားခဲ့ရပါတယ်။ အာဏာသိမ်း မြန်မာစစ်တပ်ဟာ သဘာဝဘေး ရန်ပုံငွေတွေကိုပါ ထုတ်ယူ သုံးစွဲခဲ့တာကြောင့် ငလျင်ဘေးကို တကယ်ကြုံတွေ့ရချိန်မှာ အရေးပုံကယ်ဆယ်ရေး ရန်ပုံငွေတွေ ရှိမနေခဲ့တော့ပါဘူး။ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ အစိုးရအဖြစ် တာဝန်ယူခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် NLD အစိုးရလက်ထက်မှာ မြန်မာနိုင်ငံရဲ့ ဘေးအန္တရာယ်အမျိုးမျိုးကို တုံ့ပြန်ဆောင်ရွက်နိုင်ဖို့နဲ့ ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးအတွက် စီမံချက်များစွာကို ရေးဆွဲခဲ့ပြီး အရေးပေါ် ရန်ပုံငွေတွေလည်း ထားရှိခဲ့ပါတယ်။ မြေငလျင် စတဲ့ သဘာဝဘေးအန္တရာယ် ကြုံတွေ့ရချိန်မှာ အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ဖို့ ရဟတ်ယာဉ် ငှားရမ်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း မြန်မာစစ်တပ်က အဂတိပုဒ်မနဲ့ပါ အမှုဖွင့်လှစ်ခဲ့ပါသေးတယ်။

အမေစုက “ဘေးအန္တရာယ် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း တည်ဆောက်ခြင်းသည် ရွေးချယ်စရာ တခုအနေဖြင့် လုပ်ဆောင်ရမည့် ကိစ္စရပ်မဟုတ်ဘဲ မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းတခု ဖြစ်ပါသည်။ အတိတ်ကာလတွင် ကြုံတွေ့ခဲ့ရသည့် ဘေးအန္တရာယ်များသည် ခက်ခက်ခဲခဲ ကြိုးပမ်း တည်ဆောက်ထားရသော ဖွံ့ဖြိုးတိုးတက်မှုများအပေါ်တွင် ကြီးမားများပြားသည့် ထိခိုက်နစ်နာ ဆုံးရှုံးမှုများ ဖြစ်ပွားစေနိုင်ကြောင်းကို အထင်းသား ပြသလျက်ရှိပါသည်။ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်းစီမံချက် (၂၀၁၇) ကို ရေးဆွဲ၍ ကျမတို့နိုင်ငံကို ဘေးအန္တရာယ်အမျိုးမျိုးမှ ရင်ဆိုင် တုံ့ပြန်နိုင်စွမ်းရှိအောင် ဆောင်ရွက်ရာတွင် လက်တွေ့ လျှောက်လှမ်းရမည့် လမ်းကြောင်းကို ဖော်ဆောင်ပေးနိုင်ခဲ့သည့် အတွက်လည်း များစွာဝမ်းမြောက် ဂုဏ်ယူမိပါသည်။ ကျမတို့နိုင်ငံ၏ ပင်မကျောရိုးသည် ကျမတို့ပြည်သူများ ဖြစ်သည့်အတွက် ဤစီမံချက် အကောင်အထည်ဖော်ရာတွင်လည်း ပြည်သူများ၏ အရေးပါသည့် အခန်းကဏ္ဍကို အထူးတလည်ပင် ဖော်ညွန်းနေရန် လိုအပ်မည်မထင်ပါ။ ကျမတို့ မြန်မာနိုင်ငံကို ဘေးအန္တရာယ်များမှ အမှန်တကယ် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း ရှိလာစေရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီနှင့် အားလုံး အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားအပ်ပါသည်”လို့ မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်းစီမံချက် (၂၀၁၇) ရဲ့ ဥယျောဇဉ်မှာ ရေးသားခဲ့ပါတယ်။ ဒီစာကို ကြည့်တာနဲ့ ငလျင်အတွက် ဘယ်လောက် ပြင်ဆင်ထားခဲ့တယ်ဆိုတာ သိသာပါတယ်။ ဒါတွေကို ဖျက်ပစ်ခဲ့လို့ ဒီနေ့ငလျင်ကယ်ဆယ်ရေးမှာ အုတ်သယ်၊ သွပ်ပြား သယ်တာတွေလောက်သာ လုပ်နေကြတာလို့ မြင်ပါတယ်။ အမေစု လက်နဲ့ ရေးခဲ့တာကို မအလ စစ်ကောင်စီက ခြေနဲ့ဖျက်ခဲ့တာပါ။

အမေစု ထားခဲ့တဲ့ (ငလျင်) သဘာဝဘေး ရန်ပုံငွေတွေ ဘယ်ရောက်သွားလဲ

စစ်တပ်က အာဏာသိမ်းတဲ့နေ့မှာ ပြည်တွင်း ပြည်ပက အလှူရှင်တွေ လှူထားတဲ့ သဘာဝဘေး ရန်ပုံငွေတွေဟာ မြန်မာကျပ်ငွေ ဘီလီယံ ၄၄၀ ကျန်ရှိခဲ့ပါတယ်။ အခု တကယ်တမ်း ငလျင်သဘာဝဘေး ကြုံရတဲ့အခါ လူထုကို အချိန်မီ မကယ်တင်နိုင်ဘဲ စစ်အသုံးစရိတ်တွေ ဝန်ပိနေတဲ့ စစ်ကောင်စီအနေနဲ့ နိုင်ငံတကာ အကူအညီတွေ ချက်ချင်း တောင်းလောက်ရတဲ့အထိ မွဲသွားပြီလား။ အာဏာမသိမ်းလို့ အမေစုသာ ဆက်အုပ်ချုပ်နေရင် အခု အဖြစ်ဆိုးမျိုးတွေကနေ သက်သာနိုင်ပါတယ်။ NLD အစိုးရ စတင်တာဝန်ယူတဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကစပြီး ပြည်သူ့ဘဏ္ဍာ ရန်ပုံငွေကနေ သဘာဝဘေး ကယ်ဆယ်ရေးအတွက် နှစ်စဉ် ကျပ်ဘီလီယံ ၂၀ ကို ခွဲဝေပေးခဲ့တာပါ။ ၂၀၂၀ ခုနှစ်မှာ နိုင်ငံတော်ရဲ့ အရန် ရန်ပုံငွေကနေ ကျပ်ဘီလီယံ ၁၀၀၀ ကို သဘာဝဘေးရန်ပုံငွေအဖြစ်လည်း လွှဲပြောင်း ပေးခဲ့တာပါ။ ဒါ့အပြင် NLD လက်ထက်က အခုလို ငလျင်စတဲ့ သဘာဝဘေးတွေ တွေ့ရင် အသုံးပြုဖို့ ရဟတ်ယာဉ်တစီး ဝယ်ခဲ့ပါတယ်။ ဒီရဟတ်ယာဉ်နဲ့ပတ်သက်ပြီး အမေစုနဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ထောင်ချထားပါတယ်။ NLD အစိုးရလက်ထက်က သမ္မတ စီးနင်းဖို့ သီးသန့်ရဟတ်ယဉ် မရှိပါ။ ငလျင်လိုမျိုး သဘာဝဘေးကယ်ဆယ်ရေး အရေးပေါ် သွားစရာ ရှိလာရင် စစ်တပ်ဆီက စာတတန် ပေတတန်နဲ့ တောင်းရပါတယ်။ စစ်တပ်က အကြောင်းအမျိုးမျိုး ပြပြီး ငြင်းပယ်တာတွေကိုလည်း ကြုံခဲ့ရတာပါ။ မဖြစ်မနေ ပေးတဲ့အခါမှာလည်း ရဟတ်ယာဉ်သုံးစွဲ ကုန်ကျစရိတ်ကို ပြန်တောင်းယူပါတယ်။ ဒါကြောင့် အမေစု အနေနဲ့ ပြည်တွင်း ပြည်ပက သဘာဝဘေး အသုံးပြုဖို့ အလှူရှင်တွေက ထည့်ဝင်ထားငွေတွေနဲ့ သဘာဝဘေးအသုံးပြုရေး ရဟတ်ယာဉ် ဝယ်ခဲ့ရတာပါ။ ဒါကို စစ်ကောင်စီက ရဟတ်ယဉ်ဝယ်တာ ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ မညီဘူး ဆိုပြီး အရေးယူခဲ့တာပါ။

အမေစုက သဘာဝဘေးကယ်ဖို့ ရဟတ်ယာဉ် ဝယ်ခဲ့တယ်

တကယ်တမ်း လက်တွေ့မှာ အမေစု အနေနဲ့ သဘာဝဘေးကယ်ဆယ်ဖို့အတွက် ရဟတ်ယာဉ် ဝယ်ယူရာမှာ ဘဏ္ဍာရေးစည်းကမ်းနဲ့အညီ ဝယ်ခဲ့တာပါ။ အဲဒီအချိန်က အမျိုးသားအဆင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌအဖြစ် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ ဦးဟင်နရီဗန်ထီးယူ အနေနဲ့ ရဟတ်ယာဉ်ဝယ်ဖို့ အစိုးရအဖွဲ့ကို အစည်းအဝေးမှာ တင်ပြပြီး အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ဝယ်ယူခဲ့တာပါ။ ရဟတ်ယာဉ် ဝယ်ရာမှာလည်း တင်ဒါစနစ်ကို ကျင့်သုံးခဲ့ပြီး ကုမ္ပဏီ ၃ ခုက တင်ဒါဝင်ပြိုင်ခဲ့တာပါ။ တင်ဒါ ဝယ်ယူတဲ့ ကုမ္ပဏီက ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရကျော်ထင်ရဲ့ မြေးဖြစ်သူ ဦးလင်းထင် ဦးဆောင်တဲ့ ကုမ္ပဏီက တင်ဒါအောင်ပြီး ရဟတ်ယာဉ် ဝယ်ယူပေးခဲ့တာပါ။ ရဟတ်ယာဉ် ဝယ်ယူခွင့်ရတဲ့ ဦးလင်းထင်ကိုယ်တိုင် တရားရုံးမှာ လာပြီး အမှန်သက်သေ ထွက်ဆိုပေးခဲ့သလို ဦးဟင်နရီဗန်ထီးယူ ကိုယ်တိုင်လည်း တရားရုံးမှာ လာပြီး အစိုးရအဖွဲ့ သဘောတူညီချက်နဲ့ ဝယ်ခဲ့ကြောင်း ထွက်ဆိုပေးခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီ လက်အောက်ခံ တရားသူကြီး ဦးမြင့်စန်းက ရဟတ်ယဉ် ဝယ်တာမှာ အဂတိမှု မြောက်တယ်ဆိုပြီး အမေစုနဲ့ သမ္မတတို့ကို ထောင်ဒဏ်တွေ ချမှတ်ခဲ့တာပါ။

သဘာဝဘေးရန်ပုံငွေကို အလွဲသုံးခဲ့သူက မအလ

တကယ်တမ်း စည်းမျဉ်း စည်းကမ်းနဲ့ မညီဘဲ သဘာဝဘေးအန္တရာယ် ရန်ပုံငွေတွေကို သုံးခဲ့သူကတော့ အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေကို နေပြည်တော်ခေါ်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ဆိုပြီး သဘာဝဘေးရန်ပုံငွေထဲက ကျပ် ဘီလီယံ ၃၇၀ ကို စစ်ကောင်စီခေါင်းဆောင်က ပေးလိုက်တာပါ။ ဒါ့အပြင် ကျန်တဲ့ ဘီလီယံ ၇၀ ထဲက ၃၀ ကို ဆီထွက်သီးနှံတွေ စိုက်ပျိုးဖို့ဆိုပြီး အသေးစား အလတ်စား ကုမ္ပဏီတွေကို ထုတ်ချေးခဲ့တာပါ။ စစ်ဗိုလ်ချုပ်တွေ ငွေချပေးရင် သူတို့အိတ်ထဲကို တဝက် ပြန်ရောက်နေတတ်တယ် ဆိုတဲ့ စကားကလည်း ရှိနေတာပါ။ ဒီတော့ သဘာဝဘေး သုံးငွေထဲက တဝက်လောက်ဟာ စစ်ဗိုလ်ချုပ်တွေ လက်ထဲ ရောက်ကုန်ကြပါလိမ့်မယ်။ တကယ်တမ်း သဘာဝဘေးကြုံရတဲ့အခါ လူထုကို မကယ်တင်နိုင်ဘဲ စစ်အသုံးစရိတ်တွေနဲ့ ဝန်ပိနေတဲ့ စစ်ကောင်စီဟာ အခုလို ငလျင်ဘေးကြုံလာချိန်မှာ ကိုယ့်လက်ထဲ အရေးပေါ် ငွေမရှိတော့ပဲ နိုင်ငံတကာကို အကူအညီတွေ ပြူးပြူးပျာပျာ တောင်းရတော့တာပါ။ အမေစု စီမံထားတဲ့အတိုင်း သဘာဝဘေး ရန်ပုံငွေကို စိုက်ပျိုးရေးဖက်ကို လွှဲမပေးထားဘူးဆိုရင် အခု ငလျင်ကယ်ဆယ်ရေးမှာ ပိုထိရောက်နိုင်ပါတယ်။

တကယ်တမ်းကတော့ ၈၀ ပြည့် အမေစု တဦးတည်းသာ မဟုတ်ပါ။ အမေစုနဲ့တကွ နည်းပညာ လက်တွေ့ပညာတွေ ကျွမ်းကျင် တတ်မြောက် အတွေ့အကြုံ ရှိကြသူတွေ အများကြီးကို ထောင်ထဲထည့်ထားတော့ ငလျင်ကယ်ရေး အပါအဝင် နိုင်ငံ တည်ဆောက်ရေးဟာ အလုပ်မဖြစ်တော့ပါ။ အလားတူပဲ ပညာရှင်တွေဟာ ၄ နှစ်အတွင်းမှာ ပြည်ပထွက်ကုန်ပါတယ်။ တောခိုကုန်ပါတယ်။ မြေအောက် ရောက်ကုန်ကြပါပြီ။ နောက်ဆက်တွဲ ရလဒ်က ငလျင် သဘာဝဘေး ကယ်ဆယ်ရေး အပါအဝင် တိုင်းပြည်ရဲ့ လုပ်ငန်းတွေ နှောင့်နှေးသွားတော့တာပါ။ စုကိုလွတ်၊ ပညာရှင်တွေကိုလွတ်၊ ပြည်ပ တောတွင်းတွေက ပြန်ခေါ်၊ မြေအောက်က မြေပေါ်ဖော်ပြီး ငလျင်ကယ်တာ အပါအဝင် ကောင်းကျိုးတွေ ပြန်လုပ်ကြဖို့ကို မအလ စစ်ကောင်စီက ဘယ်တော့မှ မလုပ်ပါ။ ငလျင်ဒုက္ခသည်တွေ ဘာဖြစ်ဖြစ် စစ်တပ်အုပ်စု အာဏာမြဲရေးသာ လုပ်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် စုလွတ် နိုင်ကျဉ်းလွှတ် ဆိုတာ တောင်းဆိုနေလို့ မရ။ ပြည်သူတရပ်လုံး စုစည်းပြီး စစ်အာဏာရှင်ကို တိုက်ထုတ်ပြီးမှသာ ငလျင်နဲ့ သဘာဝအရေးအပါအဝင် ကိစ္စအားလုံး လုပ်ဆောင်နိုင်ဖို့ လမ်းပွင့်တော့မှာ ဖြစ်ပါတော့တယ်။ ။

#ကိုးကား

၁။ DVB သတင်းများ

၂။ CJ Platform သတင်းများ

၃။ Myanmar Insights သတင်းများ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024