
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က ရှေ့တန်းတနေရာကနေ စစ်ကောင်စီတပ်သားအဖြစ် ပေါ်တာဆွဲခံရသူ ၂ ယောက်ဟာ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) ဆီကို ဧပြီ ၂၀ ရက်က လက်နက် ၂ လက်နဲ့အတူ အလင်းဝင်လာခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်သင်တန်းအပတ်စဥ် ၇ ကနေ သင်တန်းဆင်းလာခဲ့ပြီး ဒီးမော့ဆိုက ရှေ့တန်းစစ်မြေပြင်ကို ပို့ခံရပြီးနောက် ခလရ ၉ တပ်ရင်းရဲ့ တပ်ဖွဲ့ဝင်အဖြစ် တာဝန်ယူနေရသူ ၂ ယောက်က MA 1 တလက်၊ MA 2 တလက်တို့နဲ့အတူ အလင်းဝင်လာတာဖြစ်တယ်လို့ KNDF က ဧပြီ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နေရာတွေကနေ ပေါ်တာဆွဲတာ၊ နာမည်စာရင်းကောက်ယူပြီး အိမ်အရောက် ခေါ်ဆောင်တာ၊ ရှောင်တခင် စစ်ဆေးပြီး ဖမ်းဆီးတာတွေလုပ်ပြီး စစ်သင်တန်းပေးကာ စစ်မြေပြင်ကို ပို့ဆောင်နေကြတာပဲ ဖြစ်ပါတယ်။
ရှေ့တန်းရောက်နေတဲ့ တပ်သားသစ်တွေကို စစ်ကောင်စီတပ်က ရိုက်နှက်တာ နှိပ်စက်တာတွေလည်း ရှိနေပြီး စစ်အတင်းတိုက်ခိုင်းနေတာ ဖြစ်တဲ့အတွက် စစ်မှုမထမ်းချင်တဲ့ တပ်သားတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေဆီကို ချိတ်ဆက်ပြီး အလင်းဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။