Home
မြန်မာသတင်း
ဘန်ချတ်ထိုင်းကုမ္ပဏီက မြန်မာ့ငလျင်ဘေးအတွက် ဘတ် ၁ သန်းကျော်လှူဒါန်း 
DVB
·
April 23, 2025
Photo: Reuters

ထိုင်းနိုင်ငံ၊ ဘန်ချတ် Bangchak ကော်ပိုရေးရှင်းနဲ့ မိတ်ဖက်လုပ်ငန်းတွေက မြန်မာ့ငလျင်ဘေး အတွက် ဘတ်ငွေ ၁ ဒသမ ၂၉ သန်း လှူဒါန်းလိုက်တဲ့အကြောင်း Bangkok Post သတင်းမှာ ဧပြီ ၂၂ ရက်က ဖော်ပြပါတယ်။

ဒီထောက်ပံ့လှူဒါန်းမှုကိုတော့ ထိုင်းကြက်ခြေနီအဖွဲ့ကတဆင့် ပေးအပ်ခဲ့တာဖြစ်ပြီး အဖွဲ့ ရန်ပုံငွေ ရှာဖွေရေးဗျူရို လက်ထောက်ညွှန်ကြားရေးမှူး မစ္စ ယန်ပရာပါ ဝီချစ်ချိုလ်ချိုင်က အလှူငွေ လက်ခံရယူခဲ့တာပါ။

စီးပွားရေးမဟာမိတ်တွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ထည့်ဝင်လှူဒါန်းမှုတွေနဲ့ ပေါ် ပေါက်လာတဲ့ အလှူငွေတွေက အကျပ်အတည်းကာလမှာ ဒေသတွင်း စည်းလုံးညီညွတ်မှုအတွက် ကတိကဝတ်ကို ထင်ဟပ်စေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

တဦးချင်း တိုက်ရိုက်လှူဒါန်းလိုသူတွေအနေနဲ့လည်း ကစီကွန်ဘဏ်၊ Silom ဘဏ်ခွဲ၊ အကောင့်နံပါတ် 001-1-34567-0 ကတဆင့် "ထိုင်းကြက်ခြေနီအသင်း သဘာဝဘေးအ န္တရာယ် ကယ်ဆယ်ရေး" အကောင့်ဆီ တိုက်ရိုက်လှူဒါန်းနိုင်ဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ဆေးအဖွဲ့က မန္တလေးမြို့မှာ ရွေ့လျား ဆေး‌ပေးခန်းဖွင့်လှစ်ပြီး ငလျင်ဘေးသင့်သူတွေအတွက် အခြေခံဆေးဝါးကုသမှုတွေ ပေးနေသလို ထိုင်းတပ်မတော် အင်ဂျင်နီယာအဖွဲ့ကလည်း ပြည်သူတွေနေထိုင်ဖို့ ယာယီတဲစုစုပေါင်း ၁၀၀ ကျော် ဆောက်လုပ်ပေးခဲ့တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၄,၀၀၀ ကျော် သေဆုံးပြီး ပြည်သူလူထုတွေရဲ့ အိုးအိမ်တိုက်တာတွေ အများအပြား ပြိုကျပျက်စီးခဲ့တာ ဖြစ်ပါတယ်။

ငလျင်လှုပ်ပြီး သီတင်း ၃ ပတ်ကျော် ကြာတဲ့အထိ ငလျင်ဘေးသင့်ပြည်သူတွေဟာ အကူအညီတွေမရ အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။ 

Source : Bangkok Post

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013