Home
သတင်းဓာတ်ပုံ
ငလျင်ဘေးကူညီမှု သက်တမ်းထပ်တိုးလိုပါက ဆွေးနွေးနိုင်ဟု အင်ဒိုနီးရှားဆေးအဖွဲ့ ပြော (ဓာတ်ပုံ) 
DVB
·
April 22, 2025
Photo: Indonesian Embassy Yangon
Photo: Indonesian Embassy Yangon
Photo: Indonesian Embassy Yangon
IndonisiaEarthquakeRescue 4
Photo: Indonesian Embassy Yangon
Photo: Indonesian Embassy Yangon

မြန်မာ့ငလျင်ဘေးမှာ ကူညီပေးနေတဲ့ အင်ဒိုနီးရှားအရေးပေါ် ဆေးအဖွဲ့အနေနဲ့ သက် တမ်းထပ်တိုးကူညီသွားနိုင်ဖွယ်ရှိတယ်လို့ Antara News သတင်းမှာ ဧပြီ ၂၁ ရက်က ဖော်ပြပါတယ်။

အင်ဒိုနီးရှား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမှုအဖွဲ့ ညှိနှိုင်းရေးမှူး အာရီ လတ်ခ်စ်မန်နာ ဝီဒ်ဂျာရာက “မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဒီပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်ချင်တယ်ဆိုရင် နှစ်နိုင်ငံ လမ်းကြောင်းတွေကနေ ဆွေးနွေးနိုင်ပါတယ်” လို့ ပြောလိုက်တာပါ။

အရေးပေါ် ဆေးဘက်ဆိုင်ရာအဖွဲ့အနေနဲ့ နေပြည်တော်မှာ ၁၄ ရက်ကြာ ဆေးကုသမှုအကူအညီတွေ ဆောင်ရွက်ပေးခဲ့ပြီးနောက် တနင်္လာနေ့မှာ အပြီးသတ်ဖို့ စီစဉ်ထားခဲ့တာလို့ ဆိုပါတယ်။

ဆေးကုသပေးမှုတွေကိုတော့ နေပြည်တော် ခုတင် ၅၀ ဆံ့ ဥတ္တရသီရိ ဆေးရုံဝင်းအတွင်းမှာ ဒေသစံတော်ချိန် မနက် ၈ နာရီခွဲကနေ ညနေ ၄ နာရီခွဲအထိ နေ့စဉ်ဆောင်ရွက်ပေးခဲ့ပြီး ပျမ်းမျှလူနာဦးရေ တရက်ကို ၃၁၅ ယောက်အထိ လာရောက်ကုသခဲ့တယ်လို့ မစ္စ မာဝီဒ်ဂျာရာက ပြောပါတယ်။

ဒါ့အပြင် အင်ဒိုနီးရှားအရေးပေါ် ဆေးအဖွဲ့က အထွေထွေရောဂါကုဆရာဝန်တွေ၊ အထူး ကုဆရာဝန်တွေအနေနဲ့ ကြွက်သားနာကျင် အဆစ်အမြစ်ရောင်တာ၊ အသေးစားဒဏ်ရာရတာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေအပြင် ပြတ်ရှဒဏ်ရာ၊ ဓားဒဏ်ရာ တွေအပါအဝင် ထိခိုက်ဒဏ်ရာတွေနဲ့ လေဖြတ်တာမျိုးလို အရေးပေါ်ကိစ္စရပ်တွေကိုလည်း ကိုင်တွယ်ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံး ထုတ်ပြန်ချက်မှာတော့ ဧပြီ ၁၉ ရက်အထိ အင်ဒိုနီးရှား အရေးပေါ် ဆေးအဖွဲ့က စုစုပေါင်း လူနာ ၃,၇၅၅ ယောက်ကို ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုတွေ ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တကယ်လို့ သက်ဆိုင်ရာ မြန်မာအာဏာပိုင်တွေဘက်က သက်တမ်းတိုးခြင်းမရှိဘူးဆိုရင်တော့ အင်ဒိုနီးရှားအရေးပေါ် ဆေးအဖွဲ့အနေနဲ့ ကွင်းဆင်းဆေးရုံက ဆေးကုသရေး ဆိုင်ရာပစ္စည်းတွေ အားလုံးကို မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေဆီ လွှဲပြောင်းပေးအပ်သွားမယ်လို့ ဆိုပါတယ်။

“ဒီနေရာမှာ ကျနော်တို့ရဲ့ အလုပ်က မြန်မာနိုင်ငံအတွက် လှပတဲ့ အမှတ်တရတခု ဖြစ်လာမှာ သေချာပါတယ်။ ဒါဟာ မြန်မာနိုင်ငံ ငလျင်အပြီး အရေးပေါ် တုံ့ပြန်မှုအတွင်း EMT ကတဆင့် ပြသခဲ့တဲ့ အင်ဒိုနီးရှား ပြည်သူတွေရဲ့ ကြင်နာမှုကို အမှတ်ရစေမှာပါ။”

မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၄,၀၀၀ ကျော် သေဆုံးပြီး ပြည်သူလူထုတွေရဲ့ အိုးအိမ်တိုက်တာတွေ အများအပြား ပြိုကျပျက်စီးခဲ့ပါတယ်။

ငလျင်လှုပ်ပြီး သီတင်း ၃ ပတ်ကြာတဲ့အထိ ငလျင်ဘေးသင့်ပြည်သူတွေဟာ အကူအညီတွေမရတာကြောင့် အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။

အင်ဒိုနီးရှားနိုင်ငံကတော့ မြန်မာ့ငလျင်ဘေးအတွက် ၁၂၄ တန်ရှိ အထောက်အပံ့ပစ္စည်းတွေကို ပြီးခဲ့တဲ့ ဧပြီ ၃ ရက်က ပေးပို့ခဲ့သလို အဲဒီအထောက်အပံ့ပစ္စည်းတွေထဲမှာ ရွက်ဖျင်တဲတွေ၊ ဆေးဝါးအသုံးအဆောင်ပစ္စည်းတွေ၊ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး အသုံးဆောင်တွေနဲ့ အစားအသောက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် ငလျင်လှုပ်ခတ်ပြီးနောက် မတ် ၃၁ ရက်ကလည်း အဖွဲ့ဝင် ၆၁ ယောက်ပါ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့ကို စေလွှတ်ခဲ့ပါသေးတယ်။

Source : Antara News, Indonesian Embassy Yangon

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013