စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ လက်လှုပ်တောင်ရွာထဲကို စစ်တပ်က ဧပြီ ၂၃ ရက် မနက် ၁၁ နာရီလောက်က လေယာဉ်နဲ့ ဗုံးကြဲချသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါလေယာဉ်ဟာ တံတားဦးဘက်ကတက်လာတဲ့ ဂျက်ဖိုက်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီပဲယင်းပကဖ တာဝန်ရှိသူ ကိုထွန်းက “ဗုံးကြဲတာက ရွာဆေးခန်းအနီးကို ကြဲချတာဗျ။ အဲလိုကြဲချလို့ အသက် ၄၀ ကျော်ခန့် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး၊ အသက် ၆၀ ကျော်ခန့် အမျိုးသမီး ၁ ဦး သေဆုံးတယ်ဗျ။၊ လူနေအိမ် ၂ လုံး ပျက်စီးတယ်၊ နွား ၁ ကောင် သေဆုံးပြီး ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်” လို့ ပြောပါတယ်။
လက်လှုပ်တောင်ကျေးရွာဟာ ဒီပဲယင်းမြို့နဲ့ အရှေ့တောင်ခြမ်း ၁၈ မိုင်ဝေးတဲ့ ကျေးရွာတရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေသခံရွာသားတယောက်က “ဘာမှမရှိဘဲကို ချသွားတာ။ စစ်တပ်ကတော့ ကျနော်တို့ရွာသားတွေ အပါအဝင် စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာနေပြည်သူတွေကို အကြောက်တရားရအောင် တမျိုးပြီးတမျိုး လုပ်နေတာ။ အခုလည်း အကြောင်းမဲ့သက်သက်ကို ကြဲချသွားတာ။ အဲလိုကြဲချလို့ ကျနော်တို့ရွာက ဒေါ်လုံး (အသက်ရွယ်မသိရ)၊ မဂျယ်ဦး (၁၃ နှစ်)၊ ကိုဆန်းဇော် (၄၅ နှစ်)၊ အောင်ကျော်ကျော် (၂၆ နှစ်)၊ ဒေါ်ဆောင်း (၈၀ နှစ်) တို့ ပွဲချင်းပြီး သေဆုံးခဲ့ရတယ်ဗျ။ နောက်ပြီး ပြည်သူ ၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ခြမ်း ကြာခတ်ရွာကိုလည်း ဧပြီ ၁၂ ရက် နေ့ခင်း ၂ နာရီလောက်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ပြည်သူ ၂ ယောက်နဲ့ ကိုရင် ၃ ပါး သေဆုံးခဲ့တယ်လို့ သိရပါတယ်။