Home
နိုင်ငံတကာ
VOA နှင့် RFA ဝန်ထမ်းများအားလုံး ပြန်ခန့်ရန် ထရမ့်ပ်ကို တရားသူကြီးအမိန့်ပေး
DVB
·
April 23, 2025
Photo :Reuters

အမေရိကန်သတင်းဌာနတွေဖြစ်တဲ့ Voice of America (VOA) နဲ့ Radio Free Asia (RFA) ဝန်ထမ်းအားလုံးကို အခု ပြန်လည်ခန့်ထားဖို့ ထရမ့်ပ်အစိုးရကို ပြည်ထောင်စုတရားသူကြီးတယောက်က အမိန့်ထုတ်လိုက်ပါတယ်။

ထရမ့်ပ်အစိုးရက ဖြတ်တောက်ပစ်ခဲ့တဲ့ အဲဒီမီဒီယာတွေအတွက် ကွန်ဂရက်လွှတ်တော် ရန်ပုံငွေ အားလုံးကိုလည်း  ပြန်လည်ပေးအပ်ဖို့ အမိန့်ချခဲ့ပါတယ်။

တရားလိုဖြစ်တဲ့ VOA ဂျာနယ်လစ် ပက်ဆီဝီဒါကူဆွာရာနဲ့ လုပ်ဖော်ကိုင်ဖက်တွေက အမေရိကန် ဂလိုဘယ်မီဒီယာအေဂျင်စီ (USAGM) ရဲ့ ခေတ္တစီအီးအို ကာရီလိတ်အပေါ်မှာ စွဲဆိုတဲ့အမှုနဲ့ ပတ်သက်ပြီးတော့ အမိန့်ချတာဖြစ်ပါတယ်။

ဒီအမှုအတွက် တရားလိုကိုယ်စား ဝါရှင်တန်ဒီစီ ခရိုင်တရားသူကြီး ရွိုက်စ် လမ်းဘာ့သ်က ယာယီတားမြစ်မိန့် ထုတ်ပေးခဲ့တာဖြစ်ပြီး RFA၊ VOA ဖျက်သိမ်းတဲ့ ထရမ့်ပ်အစိုးရ အမိန့်ကို ယာယီတားပေးတဲ့သဘော ဖြစ်ပါတယ်။

USAGM ဟာ ပြည်သူ့ဝန်ဆောင်မှု မီဒီယာကွန်ရက်တွေကို ကြီးကြပ်ဖို့ လွတ်လပ်တဲ့ ပြည်ထောင်စုအဆင့် အေဂျင်စီအဖြစ် ဖွဲ့စည်းထားတာဖြစ်ပေမဲ့ လက်ရှိမှာ ထရမ့်ပ်အစိုးရက တိုက်ရိုက်ကိုင်တွယ်နေတာ ဖြစ်ပါတယ်။

ဝန်ထမ်းတွေနဲ့ စာချုပ်ဝန်ထမ်းတွေ သူတို့သက်ဆိုင်ရာ မီဒီယာလုပ်ငန်းတွေကို ပြန်လည်ဝင်ရောက်နိုင်ဖို့ လိုအပ်တာအားလုံး လုပ်ပေးဖို့ပါ တရားပြိုင်တွေကို တရားရုံးက ညွှန်ကြားပါတယ်။

ဒါမှသာ စိတ်ချယုံကြည်ရပြီး ခိုင်လုံတဲ့၊ တိကျတဲ့၊ ဘက်မလိုက်တဲ့၊ ပြည့်စုံတဲ့ သတင်းတွေ စဉ်ဆက်မပြတ် ပေးအပ်နိုင်မှာဖြစ်တယ်လို့ပါ အမိန့်မှာ ပါရှိပါတယ်။

ဒီ ယာယီတားမြစ်မိန့်ဟာ Radio Free Europe / Radio Liberty နဲ့တော့ မဆိုင်ဘဲ အဲဒီဌာနကတော့ သီးခြားအမှုစွဲထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ထရမ့်ပ်အစိုးရဟာ VOA သတင်းဌာန အချိန်ပြည့်ဝန်ထမ်းတွေနဲ့ စာချုပ်ဝန်ထမ်း အားလုံးကို လစာနဲ့ ခွင့်ခံစားခွင့် ပေးခဲ့ပါတယ်။

ဧပြီလလယ်မှာတော့ ထရမ့်ပ်ဟာ USAGM အောက်က မီဒီယာတွေကို ပစ်မှတ်ထားပြီး ဖြတ်တောက်လျှော့ချတဲ့ သမ္မတရဲ့ ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်ထုတ်ပြီး လုပ်ငန်းတွေပါ ရပ်ဆိုင်းစေခဲ့တာ ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013