Home
မြန်မာသတင်း
ငလျင်သင့်ဒေသကပြည်သူများ မီတာခပေးဆောင်ရသည့်အပေါ်  ဝေဖန်မှုမြင့်တက်
DVB
·
April 22, 2025

အင်အားပြင်းငလျင်ကြောင့် လူနေအိမ်တွေ ထိခိုက်ပျက်စီးဆုံးရှုံးမှုများခဲ့တဲ့ ငလျင်ဘေးဒဏ်သင့်ဒေသတွေမှာ လျှပ်စစ်မီတာခတွေ ပေးဆောင်နေရတဲ့ စစ်ကောင်စီရဲ့ အခုလုပ်ရပ်အပေါ်  ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ အင်အားရှိတဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြောင့် မြန်မာနိုင်ငံတဝန်း ‌ပြည်သူထောင်ချီ သေဆုံးခဲ့ရပြီး နေအိမ်တွေလည်း သောင်းချီလည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

အခုလို အခြေအနေမှာပဲ ငလျင်ဘေးဒဏ်ကို အများဆုံးခံခဲ့ရတဲ့ မန္တလေးမြို့မှာ ပြိုကျပျက်စီးခဲ့တဲ့ နေအိမ်တွေပါမကျန် လျှပ်စစ်မီတာခ ပေးဆောင်ရမယ်ဆိုပြီး မီတာကြေးစာရွက်တွေ ရောက်ရှိနေ တယ်လို့ မန္တလေးဒေသခံတွေက ပြောပါတယ်။

အခုလို သဘာဝဘေးဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေရတဲ့အချိန်မှာ မီတာဘေလ်ဆောင်ရမယ့်ရက်ကို ရွေ့ပေးတာတွေ၊ ကျသင့်ငွေထက် လျှော့ကောက်တာတို့ ပြုလုပ်သင့်တယ်လို့  မြိုခံတွေက ဆန္ဒရှိနေပါတယ်။

မန္တလေးဒေသခံတယောက်က “မီတာစာရွက်တွေလာတာက မတ်လထဲမှာသုံးထားတဲ့ မီတာကြေးပေါ့နော်၊ မီတာစာရွက်ကတော့ ပုံမှန်လစဉ်ပို့ပေးတဲ့အတိုင်း ရောက်လာတာ ဖြစ်ပါတယ်။ အစ်ကိုတို့အိမ်ဆိုရင် မတ်လအတွက် ဧပြီ ၂၁ ရက် နောက်ဆုံးထားဆောင်ရပါမယ်။ မီတာစာရွက်တွေတော့ ရောက်နေပါပြီ။ ဒီလိုအချိန်မှာတော့ မီတာဘေလ်ဆောင်တာကို နောက်ဆုတ်ပေးစေချင်ပါတယ်။ ဒါမှမဟုတ် ဈေးလျှော့ပေးတာတို့ ဖြစ်စေချင်တာပေါ့လေနော်။ အရင်ကိုဗစ်ကာလတွေမှာလည်း မီတာဘေလ်ကို ဈေးလျှော့တာတွေ ရှိခဲ့ဖူးတော့လေခုလည်း သဘာဝဘေးအန္တရာယ်ဖြစ်နေတဲ့အချိန်မှာ ဆောင်တာတော့ ဆောင်ရမှာပေါ့နော်။ ဒါပေမဲ့ အချိန်တခုရွေ့ပေးတာတို့ ကျသင့်ငွေထက် အများကြီး လျှော့ပေးတာတို့ လုပ်ပေးစေချင် ပါတယ်”လို့ ပြောပါတယ်။

အင်အားပြင်း ငလျင်ကြောင့် ပျက်စီးမှုမရှိဘဲ မီတာဖတ်ရှုနိုင်တဲ့ လျှပ်စစ်မီးသုံးစွဲသူတွေအနေနဲ့ မတ်လအတွက် ပေးဆောင်ရမယ့် ဘေလ်ရရှိပါက ဘေလ်ပေါ်မှာ ပါရှိတဲ့ နောက်ဆုံးပေးဆောင်ရမယ့်ရက်အတိုင်း ပေးဆောင်ရမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထား ပါတယ်။

ပျက်စီးမှုရှိတဲ့ အဆောက်အဦတွေမှာတော့ မတ်၊ ဧပြီ နှစ်လစာ သုံးစွဲထားတဲ့ ယူနစ်တွေကို တွက်ချက်ပြီးတော့ မေ ၁ ရက်ကစပြီးကျသင့်ငွေတွေကို စုပေါင်းကောက်ခံသွားမှာဖြစ်ပြီး ဘေလ်ပေါ်မှာပါရှိတဲ့နောက်ဆုံးပေးဆောင်ရမယ့် ရက်အတိုင်း ပေးဆောင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မီတာဖတ်မရအောင် ပျက်စီးသွားတဲ့ နေအိမ်တွေအနေနဲ့ စစ်ကောင်စီရဲ့ လျှပ်စစ်မန်နေဂျာရုံးကို အသိပေး အကြောင်းကြားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။  

စစ်ကောင်စီရဲ့ လုပ်ရပ်နဲ့ပတ်သတ်ပြီး မန္တလေးမြို့က လူမှုရေးတက်ကြွလှုပ်ရှားသူတယောက်က သူ့အမြင်ကို ပြောပါတယ်။

“ပြည်သူလူထုကိုတင်းကျပ်တာပေါ့လေ သူတို့အစိုးရဖြစ်တယ်။ မီတာဘေလ်ဆောင်ပါ ဆိုပြီး ပြည်သူလူထုအပေါ် အာဏာပြပြီးတော့ ဖိနှိပ်မှုပေါ့လေ။ နောက် နိုင်ငံတော်မှာ ငွေကြေး လိုအပ်ချက်ရှိတယ်လေ ဒါကြောင့် ပြည်သူတွေဆီက မီတာခွန်တို့ ဘာတို့ရမှ စစ်လက်နက်ပစ္စည်း ဝယ်ရမယ့်ဟာတို့ ရှိကောင်းရှိပါလိမ့်မယ်။ ဒါကြောင့်မို့လို့ မီတာဘေလ်တွေကို အသည်းအသန် ဆောင်ခိုင်းနေတာပါ သူတို့မှာ သဘာဝဘေးဖြစ်တယ်ဆိုတဲ့ ရှုထောင့်အမြင်မရှိတော့ဘဲနဲ့ ဒါသည် မဖြစ်သင့်တဲ့ဟာမျိုးဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ကျပ်တည်းနေတဲ့အချိန်မှာ စိုးရိမ်ပူပန်မှုတွေ သောကကိုယ်စီဖြစ်နေတဲ့အချိန်မှာ သူတို့ရဲ့ အာဏာတည်မြဲရေးကိုဘဲ ရှေးရှုတဲ့ အမိန့်ကြေညာစာပဲ ဖြစ်ပါတယ်။”

ပြည်သူတွေကို ပစ်မှတ်ထားသတ်ဖြတ်နေတဲ့ စစ်ကောင်စီအနေနဲ့ကတော့ အခုလိုလုပ်ရပ်ဟာ ရန်သူက ရန်သူ့အလုပ်ကိုသာ လုပ်နေတာသာဖြစ်တယ်လို့ မန္တလေးသပိတ်အင်အားစုက တာဝန်ရှိသူတယောက်က ပြောပါတယ်။

“နဂိုကတည်းကပြောရမယ်ဆိုရင် ရန်သူက ရန်သူ့အလုပ်ကိုလုပ်ပါတယ်။ ယုတ်မာတဲ့နည်းအတိုင်း တစက်မှ ယုတ်မာတာလျော့မသွားပါဘူး။ ဒီလို မီတာလာကောက်တာတွေလည်း မလုပ်ဘဲမ နေပါဘူး။ မြန်မာပြည်သူ /သားတွေ ဒုက္ခရောက်နေတာကို ကြည့်နေနိုင်တဲ့အာဏာရူးတွေဆိုတော့ ၊ ဒီလို လုပ်ရပ်တွေက မထူးဆန်းပါဘူး ၊ ရန်သူကတော့ ရန်သူ့အလုပ်ကို ဆက်တိုက်ကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။”

DVBက ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ အင်အားပြင်းငလျင်ကြောင့် မြန်မာနိုင်ငံတဝန်း သေဆုံးသူ ၄၄၁၀ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၁၃၆၆ ယောက်ရှိပြီး နေအိမ်အဆောက်အအုံပေါင်း  ၅၀၇၂၈ လုံး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ 

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013