Home
မြန်မာသတင်း
လေးမျက်နှာရှိ ဘုန်းကြီးကျောင်းများတွင် စစ်ကောင်စီတပ်က အရေးပေါ် တပ်စွဲပြီး ခံစစ်ပြင်
DVB
·
April 22, 2025
Photo : Win Tun

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ခတ္တူကျေးရွာက ကံကုန်းဘုန်းကြီးကျောင်းနဲ့ ဒေါင့်ကွေးရွာက တက်ဆိပ်ဘုန်းကြီးကျောင်းတွေထဲမှာ စစ်ကောင်စီတပ်က ခံစစ်ပြင် တပ်စွဲထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လေးမျက်နှာမြို့နယ်ထဲက ဒေါင့်ကွေးနဲ့ ခတ္တူကျေးရွာတွေက ဘုန်းတော်ကြီးကျောင်းတွေမှာ ဧပြီ ၂၀ ရက်က စတင်ပြီး စစ်ကောင်စီတပ်က အင်အား ၆၀ ခန့်နဲ့ တပ်စွဲထားပြီး ဒီနေ့ ဧပြီ ၂၂ ရက် အထိ ခံစစ်ပြင်နေတာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “လက်နက်အပြည့်နဲ့ လာတပ်စွဲထားတာ။ အစစ်အဆေးတွေပါ တင်းကျပ်နေတာ။ တကယ်မလွယ်ဘူး။ လက်နက်ကြီးတွေပါ ပြင်ဆင်ထားတာ တွေ့ရပါတယ်။ လေယာဉ်တွေလည်း ပျံဝဲနေတာ တွေ့ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ခံစစ်ပြင်ထားတဲ့အပြင် ပန်းတောကြီးရွာ အနီးက မြို့ကုန်း၊ မကျည်းပင်ကွင်း၊ ဆီဆုံကုန်း စတဲ့နေရာတဝိုက်မှာ ထိတွေ့တိုက်ပွဲတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “ပန်းတောကျေးရွာတိုက်ပွဲက တပ်ဆုတ်လာတဲ့ တပ်သားတွေကို ပြန်စုစည်းပြီး တပ်ရင်းမှူးတယောက်က ဦးစီးပြီး ခံစစ်ပြင်ဆင်ထားတာ။ တဖက်မှာလည်း ဒီနေ့မနက် အစောပိုင်းကတည်းက တိုက်ပွဲဖြစ်နေတာ” လို့ ပြောပါတယ်။

လေးမျက်နှာမြို့နဲ့ ၇ မိုင်ခန့်သာ ဝေးတဲ့ ပန်းတောကြီးရွာမှာ ဧပြီ ၁၅ ရက်က စတင်ပြီး အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က လေးမျက်နှာ ငဝန်တံတားမှာလည်း မြို့အဝင်ကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး မှတ်ပုံတင်ပါမှ ဖြတ်သန်းခွင့်ပြုနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုသိမ်-မုံရွာ လမ်းအတိုင်း စောပြာ၊ ငသိုင်းချောင်းဘက်အဝင် ရေနံ့သာ စစ်ဆေးရေးဂိတ်မှာလည်း စစ်ကောင်စီတပ်က စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013