Home
နိုင်ငံတကာ
အမေရိကန်နှင့် ဖိလစ်ပိုင် ပူးတွဲ စစ်ရေးလေ့ကျင့်
DVB
·
April 22, 2025
Photo : Reuters

တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုတွေ အပါအဝင် ဒေသတွင်း လုံခြုံရေး စိုးရိမ်မှုတွေကို ရင်ဆိုင်နေရတဲ့ကြားမှာ ဖိလစ်ပိုင်နဲ့ အမေရိကန် စစ်သား ၁၄,၀၀၀ ကျော်ဟာ နှစ်စဉ်ကျင်းပနေကျ စစ်ရေးလေ့ကျင့်မှုကို ဧပြီ ၂၁ ရက်က စတင်ခဲ့ပါတယ်။

တာဂါလို ဘာသာစကားနဲ့ ပခုံးချင်းယှဉ်လျက်လို့ အဓိပ္ပာယ်ရတဲ့ ဘာလီကာတန် စစ်ရေး လေ့ကျင့်ခန်းကို မေ ၉ ရက်အထိ သီတင်းသုံးပတ်ကြာ လုပ်မှာဖြစ်ပြီး NMESIS သင်္ဘောဖျက်ဒုံးကျည်စနစ်နဲ့ HIMARS ဒုံးပျံလောင်ချာတွေပါတဲ့ အမေရိကန်လက်နက်တွေကို ပြထားပါတယ်။

အမေရိကန်ဘက်က လေ့ကျင့်ရေး ဒါရိုက်တာ ဒုတိယဗိုလ်ချုပ်ကြီး ဂျိမ်းစ်ဂလင်းက အခုနှစ် စစ်ရေးလေ့ကျင့်မှုမှာ နှစ်ဖက်တပ်တွေရဲ့ စွမ်းဆောင်နိုင်ရည်တွေကို နယ်ပယ်ပေါင်းစုံမှာ တိုင်းတာမယ့် “အပြည့်အဝတိုက်ပွဲ ဆင်နိုင်စွမ်းကို စမ်းသပ်မှု” အဖြစ် ဖော်ပြခဲ့ပါတယ်။

လေ့ကျင့်ခန်းတွေထဲမှာ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို ခုခံကာကွယ်ခြင်း၊ ပင်လယ်ပြင်အတွင်း ကျူးကျော်ဝင်ရောက်မှုတွေကို တားဆီးခြင်းနဲ့ ရေကြောင်းတိုက်ခိုက်မှု စမ်းသပ်ချက်မှာ ရပ်နားထားတဲ့ ဖိလစ်ပိုင်ရေတပ်သင်္ဘောကို နှစ်မြုပ်ခြင်းတို့ ပါပါတယ်။

“ငြိမ်းချမ်းရေးအတွက် ကျနော်တို့ ကတိကဝတ်ပြုနေချိန်မှာ အဲဒီကတိကဝတ်ကို ကျောထောက်နောက်ခံ ပြုထားတဲ့ ယုံကြည်လောက်တဲ့ တိုက်ခိုက်ရေး စွမ်းအားတွေလည်း ပိုင်ဆိုင်ထားပါတယ်။ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသကို ဆက်လက်ထိန်းသိမ်းထားဖို့ ကတိကဝတ်ပြုထားပါတယ်” လို့ လေ့ကျင့်ရေး ဖွင့်ပွဲအခမ်းအနားမှာ ဂလင်းက ပြောပါတယ်။

မနှစ်က စစ်ရေးလေ့ကျင့်ရာမှာ ထိုင်ဖွန်း မစ်ဇိုင်းဒုံးစနစ်လို့ လူသိများတဲ့ အမေရိကန်စစ်တပ်ရဲ့ တာလတ်အကွာအဝေးကို ပစ်နိုင်တဲ့ စနစ်ဟာ တရုတ်နိုင်ငံနဲ့ ရုရှားတို့ဆီ ရောက်နိုင်တဲ့ တိုမာဟောက်စ် ဒုံးကျည်ကို ပစ်လွှတ်နိုင်လို့ တရုတ်ရဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။

တောင်တရုတ်ပင်လယ်နဲ့ ထိုင်ဝမ်တို့မှာ တရုတ်နိုင်ငံရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး အာရှဒေသတွင်း တင်းမာမှု အရှိန်ပြင်းလာချိန်မှာ အခုနှစ် စစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်မှု ဒါရိုက်တာ ဗိုလ်ချုပ် ဖရန်စ္စကို လိုရန်ဇိုက ဘာလီကာတန် စစ်ရေး လေ့ကျင့်မှုဟာ ဘယ်နိုင်ငံကိုမှ ဦးမတည်ပေမဲ့ ပဋိပက္ခစတင်ရာမှာ အဟန့်အတား ဖြစ်စေနိုင်တယ်လို့ ပြောပါတယ်။

တနင်္လာနေ့က ဖိလစ်ပိုင်စစ်တပ်ဌာနချုပ် အပြင်ဘက်မှာ ဒါဇင်နဲ့ချီတဲ့ တက်ကြွလှုပ်ရှားသူတွေက ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရှုတ်ချတဲ့အနေနဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးပြီး လက်ကိုင်ပိုစတာတွေကို ကိုင်ဆောင်ပြီး အမေရိကန်အလံကို မီးရှို့ဆန္ဒပြခဲ့ကြပါတယ်။

ဒေသခံ တက်ကြွလှုပ်ရှားသူနဲ့ ဖိလစ်ပိုင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း မုန်ပါလက်တီနိုက “ဒါတွေက ငွေကုန်ကြေးကျများပြီး ဒေသခံလူထုကို အနှောင့်အယှက်ဖြစ်စေပြီး ဒေသတွင်း တင်းမာမှုတွေ တိုးလာနိုင်ပါတယ်” လို့ ဆန္ဒပြပွဲမှာ ပြောပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013