Home
နိုင်ငံတကာ
ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးကြိုးပမ်းမှု လက်လျှော့ရန်အသင့်ရှိဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ပြော
DVB
·
April 19, 2025
Photo :Reuters

ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးသဘောတူညီချက် ပြီးမြောက်နိုင်တယ်ဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ လက္ခဏာတွေ မရှိဘူးဆိုရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ကြားဝင်အကျိုးဆောင်ဖို့ ကြိုးစားတာကို ရက်ပိုင်းအတွင်းမှာပဲ ရပ်လိုက်တော့မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ဧပြီ ၁၈ ရက်မှာ ပြောလိုက်ပါတယ်။

သမ္မတ ဒေါနယ်ထရမ့်ပ်ဟာ ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို စိတ်ဝင်စားသေးပေမဲ့ ကမ္ဘာတဝန်းမှာ တခြား ဦးစားပေး အစီအစဉ်တွေလည်း အများကြီးရှိနေပြီး တိုးတက်မှုလက္ခဏာမပြခဲ့ရင် ရှေ့ဆက်သွားဖို့ ဆန္ဒရှိတယ်လို့ ပါရီမှာ ဥရောပခေါင်းဆောင်တွေ၊  ယူကရိန်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးနောက်မှာ ရူဘီအိုက ပြောပါတယ်။

“ယူကရိန်းစစ်ပွဲဟာ ကြောက်စရာကောင်းတဲ့ကိစ္စ ဆိုတာ လူတိုင်းကို သတိပေးဖို့ အရေးကြီးတယ် ဆိုပေမယ့် ဒါဟာ ကျနော်တို့ စတင်ခဲ့တဲ့ စစ်ပွဲမဟုတ်ပါဘူး။ အမေရိကန်က ယူကရိန်းကို လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကူညီခဲ့တာဖြစ်ပြီးတော့ အဲဒါကို အဆုံးသတ်စေချင်တယ်။”

ဒါဟာ  နောက်နှစ်မှာ လူပေါင်း ထောင်နဲ့ သောင်းနဲ့ ချီပြီး သေဆုံးတာကို ရှောင်ရှားနိုင်အောင် ကြိုးစားနေတာ ဖြစ်ပါတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် တဖက်ဖက်ကဖြစ်ဖြစ်၊ နှစ်ဖက်စလုံးကဖြစ်ဖြစ်  ငြိမ်းချမ်းရေးကို အလေးအနက်ထားတယ် ဆိုရင်တော့ ကူညီပေးချင်တယ်လို့လည်း ပြောပါတယ်။

ဝန်ကြီး ရူဘီအိုက “ကျနော်တို့ ဒီကြိုးပမ်းအားထုတ်မှုကို ရက်တွေ၊ လတွေ ချီပြီးကြာအောင် ဆက်လုပ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အခုအချိန်မှာ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ဖို့ လိုအပ်ပြီး လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ဒါကို လုပ်ဆောင်နိုင်မလား၊ မလုပ်ဆောင်နိုင်ဘူးလား ဆိုတာကို ရက်အနည်းငယ် ဆွေးနွေးနေပါတယ်” လို့  ပြောပါတယ်။

Source; Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013